Unicode
အတန်းချိန်တစ်ချိန်ပြီးတာကြောင့် နားနေဆောင်ဘက် ခနလာရင်း ဦးနှောက်ထဲ ဝင်လာတဲ့အတွေးက ဟိုကလေးကို အချိန်ဇယားဆွဲပေးရမည်။ အထက်တန်းကျောင်းတွေပြန်ဖွင့်နေပြီဖြစ်တာကြောင့် ကျောင်းတက်နေရပြီဖြစ်တဲ့ကောင်လေးက အားလပ်ချိန်နည်းသွားသည်။ စာတွေအရှေ့တော်တော်ရောက်အောင်သင်ပေး ထားတာဖြစ်လို့ကျောင်းမှာမေးတဲ့စာတွေရနေပေမယ့် ကိုယ်ပေးတဲ့အိမ်စာတွေလုပ်ရင်း အိပ်ပျော်သွားလို့ စာမရလာတဲ့ကောင်လေးကို တစ်နေ့က ပဲ ဆယ့်ငါးမိနစ်လောက် ဒူးထောက်ပြီး လက်မြောက်ခိုင်းထားမိသည်။ သိပ်မများတဲ့အိမ်စာကိုမပြီးလာတာကြောင့်ဆူပူလိုက်မိပေမယ့် ပြောလာတဲ့ အသံတိုးတိုးနဲ့စကားလေး ကြောင့်စိတ်တော့မကောင်း။ *ကျွန်တော်စာလုပ်ဖို့ အချိန်ဇယားမဆွဲတတ်ဘူး*တဲ့။ ဆယ်တန်းကျောင်းသားတစ်ယောက်အတွက် စာများများရစေဖို့က အချိန်စီမံဖို့တော်တော်အရေးကြီးသည်လေ။ ထို့ကြောင့် ဝေလင်းရှိန်ကိုယ်တိုင်အချိန်ဇယားဆွဲပေးဖို့လုပ်ရတော့သည်။
နားနေဆောင်နားမရောက်ခင် ဆရာတစ်ယောက်နဲ့စကားခနရပ်ပြောတုန်း ပတ်ဝန်းကျင်မှာ သွားလာနေတဲ့ကျောင်းသား ကျောင်းသူတွေဆီက စကားသံလေးတွေ ပုံမှန်ထက်ပိုကျယ်လာတာကြောင့် ဝေလင်းရှိန် ပတ်၀န်းကျင်ကို သတိထားကြည့်လိုက်မိသည်။ ဦးတည်ဘက်တစ်ခုတည်းကိုပဲအာရုံစူးစိုက်ရင်း ပြောနေကြတာကြောင့်ကြည့်မိတော့ ကျောင်းသူတချို့၏အားကျတဲ့မျက်လုံးတွေနဲ့ ကျောင်းသားတချို့ရဲ့ ကွက်ကြည့် ကွက်ကြည့် ကြည့်မှုကိုခံနေရတဲ့ခေတ်ရွန်းသူ။ မြန်မာအင်္ကျီကိုဝတ်ထားပေမယ့် လည်ပင်းနဲ့ပခုံးသားကိုအသားပေးဖော်ထားတဲ့ အင်္ကျီဒီဇိုင်း အပြင် လမ်းလျှောက်လိုက်တိုင်း ခြေသလုံးသားကိုလှစ်ဟသွားအောင် ခွဲထားတဲ့ ထမီ နဲ့ အနီရောင်ဒေါက်ဖိနပ်ကိုစီးထားတဲ့ခေတ်ရွှန်းသူက ပြိုင်ကားအနီတောက်တောက်နားကနေ ဝေလင်းရှိန်ဆီဦးတည်လာနေသည်။
အဖြူနဲ့ နက်ပြာကိုပဲ တွဲဖက်ဝတ်ဆင်ကြတဲ့ တက္ကသိုလ်ဝင်းအတွင်း ထင်းထွက်နေတဲ့ ခေတ်ရွှန်းသူပုံစံ ကြောင့် ဝေလင်းရှိန် စိတ်အနှောက်အယှက်ဖြစ်မိတာတော့အမှန်ပင်။ အနားရောက်လာတော့ ခပ်အီအီ ထွက်လာတဲ့ရေမွေးနံက လေထုကိုအမှန်တကယ် ညစ်ညမ်းစေပေမယ့် လူမှုရေးရှိသေးတာကြောင့် ပြုံးပြရသည်။ ဘေးနားက ဆရာက အလိုက်တသိထွက်သွားပေးမှ ဝေလင်းရှိန် စကားစပြောရသည်။