"တီ တီ တီ တီ............"
မနက်ကတည်းက လူနာများလွန်း၍ နားချိန်မရခဲ့သော မျက်သွယ်ဦးတစ်ယောက် ယခုမှပင် ထိုင်ခုံတွင် ထိုင်ရခြင်းဖြစ်သည်။ မျက်လုံးများမှိတ်ပြီး မှိန်းနေသော တစ်ခဏ ဆူညံစွာ ဝင်လာသော ဖုန်းသံကြောင့် မျက်လုံးများကို ပျင်းရိစွာဖွင့်ရင်း ကောက်ကိုင်လိုက်သည်။ ဒေါ်လေးဆီမှ ဖုန်းဖြစ်နေသည်။
"ဟဲလို သမီး သွယ်လေး"
"ဟုတ် ဒေါ်လေး"
"သမီး အလုပ်ဝင်ရမယ့်စာ ရောက်လာတယ် သမီး"
"ရှင် !! ဒေါ်လေး ဘယ်မှာတာဝန်ကျတာတဲ့လဲဟင်"
မျက်သွယ်ဦး လန့်သွားသည်တော့ အမှန်ပင်ဖြစ်သည်။ တောပန်းနှင့် ခွဲရဖို့အရေး မတွေးချင်သေးတာတော့ အမှန်ပင် ဖြစ်သည်။
"သမီး မန္တလေးဆေးရုံကြီးမှာပဲ တာဝန်ကျတယ် ဒေါ်လေးတို့ မိသားစုအတူတူ ပြန်နေရတော့မယ် သမီးလေး"
တော်ပါသေးရဲ့ဟု မျက်သွယ်ဦး တွေးလိုက်မိသည်။ မန္တလေးနှင့် မုံရွာသည် ဝေးလွန်းလှသော အရပ်မဟုတ်သည်မို့ တော်သေးသည်။ တွေ့မည်ဆို နေချင်းပြန်တွေ့လို့ရသည့် ခရီးဖြစ်သည့်အတွက် စိတ်သက်သာရာရမိသွားသည်။ အလုပ်ခန့်စာထွက်ပြီး နှစ်ပတ်လောက်ရှိလျှင် အလုပ်ဝင်ရတတ်သည်ဖြစ်သဖြင့် ဒီက စီစဉ်စရာရှိတာများ အလုပ်ကိစ္စများကို မြန်မြန်လက်စဖြတ်မှ ဖြစ်တော့မည်ဖြစ်သည်။
"လက်ပံကိုပြောပြမှရမယ်ထင်တယ်နော်"
ကိုဖြိုးအသံက ဖုန်းထဲမှ ခပ်တိုးတိုးလေးထွက်လာသည်။ ညနေပိုင်းသိစကတည်းက ကိုဖြိုးကို ဖုန်းဆက်ကာ တိုင်ပင်မိသည်။
"ငါလည်း အဲ့လိုပဲတွေးထားပါတယ် တောပန်းနဲ့မခွဲချင်သေးတာတော့ အမှန်ပဲ ငါလေ တောပန်းကို မန္တလေးပြောင်းလာဖို့ ပြောရမလားဟင်"
"ငဦးရယ် ချစ်တာသက်သက်နဲ့တော့ နင် အတူတူရှိနေချင်လို့မရဘူးလေ မမေလက်ပံမှာလည်း သူ့မိသားစုအရေး သူ့ရဲ့ရှေ့ရေး ရှိသေးတယ်လေ။ အဲ့လိုမျိုးပြောလိုက်လို့ သူ့ဘက်က အဆင်မပြေရင် သူလည်းစိတ်ညစ်ရသလို နင့်ဘက်ကလည်း အတင်းတိုက်တွန်းသလို ဖြစ်သွားမှာပေါ့"
YOU ARE READING
The Last One (Zawgyi + Unicode)
General Fictionကိုယ်ဟာ မင်းရဲ့ ပထမဆုံး မဟုတ်ခဲ့ပေမယ့် မင်းရဲ့နောက်ဆုံးလူ အဖြစ် ပျော်ပျော်ကြီး ဖြစ်ပါရစေ တောပန်းရယ်