[With you, it's different]
David ကွယ်လွန်သွားပြီးနောက်ပိုင်းကစလို့ Ryan ဟာ စိတ်နဲ့လူ သိပ်မကပ်တော့ဘူး။ တခါတလေ သော့ပိတ်ထားတဲ့စာအုပ်ဆိုင်ရှေ့မှာ ငုတ်တုတ်ကလေးသွားထိုင်နေတာရယ်။ အဖိုးကြီးdavidက တကယ်ပဲစာအုပ်ဆိုင်တစ်ခုလုံးကိုRyanအတွက်အပိုင်ပေးခဲ့ပေမယ့်လည်း Ryan က David မရှိတဲ့အဲဒီဆိုင်ထဲကို ဝင်ရမှာတွန့်ဆုတ်နေခဲ့ပါတယ်။
ထမင်းပန်းကန်ထဲထမင်းဇွန်းနဲ့ထိုးဖွရင်း မစားဘဲငူငိုင်နေတာမျိုးတွေကြောင့် ကိုယ်အလေးချိန်ကျလာတယ်။ ရေချိုးခန်းထဲမှာသက်တန့်ကိုဖက်ပြီးငိုယိုခဲ့တဲ့ညကစလို့ သက်တန့်ကအပြင်ဆိုဖာခုံလေးမှာမအိပ်ဖြစ်တော့ဘူး။ တစ်စုံတစ်ယောက်ရဲ့ပယောဂမပါဘူးလို့လည်း အပြတ်အသက်မငြင်းနိုင်ပါ။ တစ်ပတ်တိတိ အပြုံးအရယ်မရှိတဲ့Ryanကို Christina ကလည်း နှစ်သိမ့်ပေးတာကလွဲပြီးဘာမှမလုပ်နိုင်ခဲ့ဘူး။
သေသောသူကြာလျှင်မေ့ဆိုသလိုပဲ အချိန်ကာလတစ်ခုရောက်တော့ အနည်ထိုင်သွားတယ်။ လွမ်းလွမ်းဆွေးဆွေး မဖြစ်တော့ ပေမယ့်လည်း သူအရမ်းခင်တွယ်ခဲ့တဲ့လူဆိုတော့ တိုက်ဆိုင်မှုရှိတိုင်းသတိရတာပေါ့။
ကိုယ့်မှာရှိတဲ့စိတ်ခံစားချက်တွေအားလုံးကို အဆုံးစွန်ထိချပြပစ်ပြီးမှ အဲဒီလူရှေ့ဟန်ဆောင်နေစရာတွေလိုသေးလား။ အရှိကိုအရှိအတိုင်းဆက်ဆံပြီး ဟန်ဆောင်မျက်နှာဖုံးတွေခွာချပစ်ခဲ့တဲ့Ryanရဲ့အမူသစ်က နောင်တချိန်မှာပေါက်ကွဲတော့မဲ့ဗုံးတစ်လုံးဖြစ်လာမယ်ဆိုတာ ဘယ်သူများသိမှာလဲ။ သက်တန့်စိတ်ထဲကအဆူးလေးဟာ သူ့ဘာသူလာဆူးခဲ့တာပါ။ သက်တန့်ကိုယ်တိုင်ကလိုလိုလားလားထိုးစိုက်ခံခဲ့တာလည်းပါတာပေါ့။
မပျက်တဲ့heater ကို ပျက်နေပါတယ်အကြောင်းရှာပြီး အိပ်ခန်းကျဉ်းလေးထဲက တစ်ယောက်အိပ်ကုတင်ပေါ်မှာ အတူလာအိပ်ဖို့သက်တန့်ကိုRyanကမခေါ်ခဲ့ရင်...
ဆံပင်ဖြူရှာပေးစမ်းပါဆိုတဲ့အကြောင်းပြချက်နဲ့ သက်တန့်ရဲ့ပေါင်ပေါ်ကိုလိုလိုလားလားခေါင်းမအုံးခဲ့ရင်...
နေ့စဉ်နဲ့အမျှသွေးသံတရဲရဲလူနာတွေ မရိုးအောင်မြင်နေရတာတောင်မှဘဲ လက်သည်းလေးညှပ်ရတာကိုအသားပဲ့ပါသွားမှာကြောက်သတဲ့။ Ryan ရဲ့ ကြွက်ကိုက်ထားတဲ့လက်သည်းကို ပုံသွင်းဖို့အရေး သက်တန့်တာဝန်ဖြစ်လာခဲ့တယ်။ တစ်စက်ချင်းထည့်နေတဲ့ရေအိုးထဲ အချိန်တစ်ခုရောက်ရင် ရေပြည့်သွားသလိုပဲ အသေးအမွှားသံယောဇဉ်အပိုင်းအစတွေစုစည်းရင်း ထုထည်ကြီးမားလာတာကိုဘယ်သူကမှသတိမထားမိခဲ့။