အထွန်း ဘောလုံးကွင်းထဲသာ သွားထိုင်နေလိုက်သည်။
ဖရဲသီး ကုန်ပေမယ့် အိမ်မှ မပြန်ချင်သေးဘဲ။ကုက္ကိုလ်ပင် အောက်တွင် စိတ်ပျက်လက်ပျက်ထိုင်ချရင်းက ဗရဲသီးဗန်းကိုပါ ဘေးသို့တွန်း ပို့လိုက်သည်။
ဒီနေ့ အထွန်း စိတ်မကြည်လိုက်တာ။
လယ်ကွင်းနှင့်နီးသောကြောင့် လေက တဖြူးဖြူးတိုက်နေသည်။ ဝေ့ခနဲ ဝေ့ခနဲ တိုက်လာသော လေတွင် သစ်ရွက်ခြောက်တို့က လွင့်ကာလွင့်ကာဖြင့် လှုပ်ရှားနေသည် ကိုလည်း အထွန်း အမြင်မကြည် ။
မကြည်ဘူး ၊ အထွန်းက စိတ်မကြည်ဘူးဆိုရင် ဘာကိုမှ အမြင်မကြည်ဘူး။
သို့သော်လည်း အထွန်းသည် စိတ်မကြည်ရသော အကြောင်းရင်းကို ကိုယ်တိုင်ပင် မတွေးနိုင်။
ဘာလို့လဲ နေပူလို့လား ၊ ဟင့်အင်း နေက နေ့တိုင်း ပူနေသလို အထွန်းလည်း နေ့တိုင်းဈေးရောင်းထွက်နေတာပဲ ။
ဖရဲသီးမကုန်ရင်လည်းတစ်မျိုး ၊ အခုတော့ ဖရဲသီးလည်း တစ်စိတ်မှ မကျန်။
ကိုမိုးကြောင့်လား ၊ ဟင့်အင်း ကိုမိုးကို တွေ့ရတိုင်း အထွန်းက အမောတောင် ပြေရတာ ၊ ဒါကြောင့်လည်း တစ်နေ့ တစ်ခေါက် ကိုမိုးအိမ်ရှေ့ကို မရောက်ရောက်အောင် သွားနေတာကို ။
ဒါဆို ကိုမိုးကို အစ်မတစ်ယောက်နဲ့ တွေ့လိုက်ရလို့လား ။
တွေးလိုက်ရုံဖြင့်ပင် အထွန်းစိတ်က အလိုလို ဝမ်းနည်းလာသည်။
ဘာလို့လဲ ၊ ဘာလို့ အထွန်း ဒီလို ဝမ်းနည်းနေမိတာလဲ ၊ ဘာလို့ ဒီလိုမျိုး သိမ်ငယ်စိတ်တွေ ဝင်လာရတာလဲ။
ပြီးတော့ ကိုမိုးပြုံးပြသွားတဲ့ အပြုံးက အသက်မပါလိုက်တာ ။
ဘာလို့များလဲ ၊ ကိုမိုးက အထွန်းကို ပြုံးတောင်မပြချင်တော့ဘူးလား ။
ကိုမိုးက မပြုံးပြချင်တာမဟုတ်လောက်ပါဘူး ၊ အခြားသူရှေ့မှာ ကြောင့်နေမှာပါ ။ပြီးတော့ ကိုမိုးဘေးက အစ်မက လှလှပပ သိမ်သိမ်မွေ့မွေ့လေး ။ အထွန်းကတော့ ....
တွေးရင်းကပင် အထွန်းခေါင်းကို ချာခနဲ ခါပစ်လိုက်သည်။
အမေကပြောတယ် အထွန်းက ညိုချောလေးတဲ့ ။ ဟုတ်တယ် အထွန်းက မမဲဘူး ညိုတာ ။ ပြီးတော့ အထွန်းက မျက်တောင်လေးတွေ အရမ်းလှတာတဲ့ ။ အထွန်းမှာ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ မျက်တောင်ရှည်ရှည်လေးတွေရှိတယ်တဲ့ ။
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"