ပွဲကြည့်ပြီးပြန်လာချိန်ကား ၄ နာရီတိတိ ။
လင်းခါနီးပြီဖြစ်ပေမယ့် ဆောင်းမနက်ခင်းမို့
မှောင်ရိပ်ကကြီးစိုးနေဆဲပေ ။ ကျွန်တော်တို့နှင့်
အတူတူပွဲကြည့်ပြန်လာသူတွေ အပြန်လမ်းပေါ်
တွေ့နေရပေမယ့် ဘေးတစ်ဖက်စီကအိမ်ငယ်
တစ်ချို့ကတိတ်ဆိတ်ငြိမ်သက်နေသေးသည် ။ တစ်ချို့ကလည်း အာရုံဆွမ်းလောင်းဖို့ရန်အတွက်
မီးရောင်ဖျဖျထွန်းကာဆွမ်းချက်နေကြပြီပေ ။
ပွဲကြည့်တုန်းကအိပ်ချင်စိတ်ရှာမရပေမယ့်
အခုအိမ်ပြန်လာတော့မှ တစ်ရေးလောက် မှေးချင်လာရသည် ။ လမ်းလျှောက်တာပင် အယိုင်ယိုင်အထိုးထိုးနှင့် ဘေးကပ်ရပ်ကလူကြီး
ထိန်းပေးလာရတာအိမ်ရှေ့ရောက်သည်အထိပင် ။" ကိုကြီးရော့ ခြံစည်းရိုးသော့
ဘကြီး မိုင့်ကိုပေးလိုက်တာ "အိတ်ထောင်ထဲကခြံသော့ကို ကိုကြီးကို လှမ်းပေးလိုက်သည် ။ ခြံတံခါးပွင့်သည်နှင့်
ကိုကြီးရဲ့လက်မောင်းကိုမှီခိုတွဲကာ အထဲကိုဝင်ဖို့ပြင်တော့ ဒီလူကြီးက
ချက်ချင်းဆိုသလိုကောက်ယူပွေ့ချီလိုက်သည် ။ အိပ်ခန်းထဲထိလေးကို လမ်းမလျှောက်ချင်တာနှင့်
အတော်ပဲဖြစ်သွားရသည်မို့ ဒီလူကြီးရဲ့
လည်တိုင်ကိုအလိုက်သင့်ဖက်ထားလိုက်ကာ
လိုက်ပါခဲ့သည် ။" ကိုကြီး သတိထားသွားနော်
ချော်လဲရင် မိုင်ပါပြုတ်ကျမှာ "လျှပ်စစ်အားခလေးသက်သာအောင်
အိမ်ရှေ့လေးကလွဲရင် အိမ်ထဲထိအကုန်
မီးပိတ်ထားတတ်သည့်ဘကြီးတို့ကြောင့်
စမ်းတဝါးဝါးသွားနေသူ ကိုကြီးကို သတိကပေးရသေးသည် ။ ရှင်းရှင်းလေး
မြင်ရအောင် မီးဖွင့်လိုက်ရင်ဘကြီးတို့ကို
အလကားနိုးလိုက်သလိုဖြစ်မည်ကြောင့်
နှစ်ယောက်သားဖြေးဖြေးသာအခန်းထဲကို
ဝင်ခဲ့တော့သည် ။ အခန်းထဲရောက်တော့
ကုတင်ငယ်လေးပေါ် ကိုကြီးကသာသာလေး
ချပေးကာစောင်လေးကိုပါခြုံပေးလာသည် ။" ကိုကြီးရောတစ်ရေးလောက်လာအိပ်
ရေစကြိုမြို့ပေါ်ကိုလည်ရင် ငူငူငိုင်ငိုင်ကြီးဖြစ်နေလိမ့်မယ် "ထိုင်ရတာညောင်းတယ်ကအစ ဘာကိုဘာမှ မပြောသည့်အပြင် ကျွန်တော်အေးရင်အေးသလို
ပူရင်ပူသလို ဘေးကနေအလိုက်သင့်ဖြည့်ဆည်း
ကာပွဲလိုက်ကြည့်ပေးသည့် ဒီလူကြီးလည်း
ပင်ပန်းနေမှာသေချာပါသည် ။ ထိုကြောင့်
ခါတိုင်းလိုကုတင်ငယ်လေးပေါ် လွတ်နေသော နေရာသေးသေးလေးမှာဝင်အိပ်ရန် ပြောတော့
နှစ်ခါမဆိုရ ။ ဘေးကွက်လပ်လေးနားတိုးကာ
ဝင်လိုက်ပြီးလျှင် ကျွန်တော့်ကိုပါသိမ်းကျုံး၍ ဖက်ကာထားသည် ။ နီးကပ်နေသော ကျွန်တော့်နဖူးကိုခပ်ဖွဖွထိကာနမ်းသည် ။ ချော့ကာသိပ်နေသည့် ထိုအနမ်းတွေခံယူရင်း အနွေးဓာတ်တွေလျှံပယ်နေသော ကိုကြီးရဲ့ ရင်ခွင်ကြီးထဲမှာ တစ်ရေးတစ်မော အိပ်ပစ်ပါဦးမည် ။