"ကိုယ်တို့လမ်းခွဲရအောင်
ကိုယ် မင်းကိုစိတ်ကုန်လာပြီ ယန်းဂျောင်ဝန်း"ထိုစကားကိုကြားလိုက်ရပြီးနောက်တွင် အသိတစ်ခုချက်ချင်းဝင်လာလေသည်။
ကိုကို သူ့ကိုမချစ်တော့ချေ။တည်ငြိမ်လွန်းလှတဲ့ကိုကိုသည် ကျွန်တော့်ကြောင့်ရယ်မောလာရသည်ဟု သူ၏ပတ်ဝန်းကျင်ကလူတွေပြောသံကြားတိုင်း ကျွန်တော်အရမ်းပျော်မိသည်။
အမြဲတခုခုကိုအာရုံစိုက်တတ်တဲ့ကိုကိုက ကျွန်တော်နဲ့ဆို ဘာကိုမှအာရုံမစိုက်မိတဲ့အထိ ကျွန်တော့်ကိုငေးငေးကြည့်တတ်သည်။
ကြည့်လေတိုင်း နှုတ်ခမ်းစွန်းနှစ်ဖက်ကကွေး၍ဖြစ်တည်လာတဲ့အပြုံးချိုချိုလေးသည် ကျွန်တော့် နှလုံးသားလေးကို လှုပ်စေခတ်ခဲ့တဲ့ ခိုင်လုံတဲ့အကြောင်းပြချက်ထဲကတစ်ခုဖြစ်ခဲ့ရသည်။
ကလေးဆန်လွန်းတဲ့ကျွန်တော်ဟာ အမြဲကိုကိုရဲ့ဂရုစိုက်မှုတွေ အလေးပေးမှုတွေကို ပေါ့ပေါ့လေးတွေးခဲ့မိသည်။
ပေါ့ပေါ့လေးနဲ့နေခဲ့မိသည်။ ဒါကို ကိုကိုလည်းသိတယ်ထင်ပါရဲ့။ဒါပေမယ့် ကိုကိုဘယ်လိုခံစားရတယ်ဆိုတာ တစ်ခါမှထုတ်မပြခဲ့ပေ။ မဖော်ပြခဲ့ပေ။
နားလည်ပေးတတ်တဲ့အကြည့်တွေနဲ့ ကိုကို ကျွန်တော့်ကိုကြည့်တိုင်း ကျွန်တော်က မနှစ်မြို့စွာပြောတတ်ပေမယ့် ကိုကိုသည် တစ်ခွန်းမှပြန်လည်ချေပခြင်းမရှိ တည်ငြိမ်မှုအတိပြီးသော ဆိတ်ငြိမ်မှုကို လက်ဝယ်ပိုက်ထားသော သူနှယ် အမြတ်တနိုး ကြည့်နေတတ်သည်။
နှလုံးသားရဲ့တစ်ဖက်ခြမ်းမှာရှိနေတဲ့ ကျွန်တော့်ရဲ့ သည်းသည်းလှုပ်မတတ်ချစ်ရပါသော ကိုကိုသည် ယခုတော့ ကျွန်တော့်ကို အေးစက်တဲ့အကြည့်နဲ့ကြည့်လေပြီ။
ကျွန်တော်သိပ်မြတ်နိုးရပါသော နှုတ်ခမ်းပါးချပ်ချပ်လေးက ဖြူလျော့ကာခမ်းခြောက်နေသည်။
နှုတ်ခမ်းပါးလှလှလေးကထွက်ပေါ်လာတဲ့စကားများသည် ကျွန်တော့်ရဲ့ ဟိုးအနက်ရှိုင်းဆုံးနေရာအထိ ထိုးဖောက်ပြီး တစ်ဆစ်ဆစ်နဲ့ နာကျင်အောင် ပြုမူသည်။