Unicode
"ကြီးကြီး မြရေ!!!.......ကြီးကြီး မြ!!"
"ဟေ.....သားငယ်လေး...ကြီးကြီးမြဒီမှာ....ဖြေးဖြေးဆင်းလေကွယ်.... "
"ဟီး....ကြီးကြီးမြ......အုန်းနို့ခေါက်ဆွဲချက်တတ်လား"
"ချက်တတ်တာပေါ့ သားငယ်လေးရဲ့"
"သားကိုလေ....မနက်ဖြန် မနက်ချက်ပေးပါလား"
"သားငယ်လေးစားချင်လို့လား..."
"မဟုတ်ဘူး ကြီးကြီးမြရဲ့.....ဦးဝေအတွက်"
"အော်..... မောင်ဝေလင်းစားချင်တယ်ပြောလို့လား"
"အဲ.......အဲ့ဒါလည်းမဟုတ်ဘူး......သားလေ ဦးဝေမကြိုက်တဲ့ အပြစ်ပိစိလေးလုပ်မိထားတယ်။ အဲ့ဒါကိုလေ သားကိုစိတ်ဆိုးပြီးရိုက်တယ်....ဒါပေမယ့် သားအရိုက်ခံပြီးပြီကိုဦးဝေက သားကိုစကားမပြောဘူး"
"အင်း.....အဲ့တော့"
မီးဖိုခန်းရဲ့ထမင်းစား စားပွဲခုံမှာထိုင်ချပြီး မကျေမနပ်လာတိုင်နေတဲ့ ကလေးကို ဒေါ်မြကြည့်ရင်း ပြောတဲ့စကားကိုနားထောင်နေမိသည်။ ဒီအိမ်မှာ ထမင်းချက်လုပ်လာတာ 5 နှစ်လောက်ပဲရှိသေးပေမယ့် ဒီကောင်လေးကိုတော့ဒေါ်မြသံယောဇဥ်ရှိသည်။ အငယ်ဆုံးဖြစ်လို့အလိုလိုက်ထားတာကြောင့်ဆိုးလွန်းပေမယ့် အဆင့်အတန်းမခွဲခြားတတ်သည့် ကလေးငယ်မို့လို့ အားတဲ့အချိန်တိုင်းပျင်းရင်မီးဖိုခန်းထဲလာပြီး ဒေါ်မြကိုစကားလာပြောတတ်သည်။ လူတစ်ယောက်ကိုလွယ်လွယ်ကူကူခင်တွယ်တတ်လွန်းသည့်ကောင်လေးသည် အထက်တန်းလွှာအသိုင်းအ၀ိုင်းတို့တွင် မြင်နေရသည့် မာန်မာနတို့ ကို လုံး၀မတွေ့ရသည့် အဖြူထည်လေးဖြစ်သည်။
စီးပွားရေးလူမှုရေးပေါင်းစုံနဲ့ ရှုပ်နေတဲ့ အထက်တန်းလွှာအသိုင်းအဝိုင်း ၏ထုံးစံအတိုင်း မနက် 8 နာရီဆို အသီးသီးထွက်သွားကြပြီး ည 7 နာရီလောက်မှ ပြန်ရောက်ကြသည်။ ထို့ကြောင့်အိမ်မှာ တစ်ယောက်တည်းဖြစ်နေသည့် သူရိန်လေးကအဖော်မက်သည်။ တစ်ခါတစ်ရံ ဒေါ်မြနှင့်စကားလာပြောတတ်ပေမယ့် တစ်ခါတစ်ရံသူငယ်ချင်းပေါင်းစုံနှင့်အပြင်ထွက်၏ ကျောင်းကတက်တစ်ရက်မတက်တစ်ရက်။ သွန်သင်ဆုံးမမည့်သူမရှိသည့် သူရိန်လေးက တစ်နေ့တစ်ခြား ဆိုးလာပေမယ့် ဖြူစင်မှုလေးတော့ပျောက်မသွား။ ထိုသို့ဆိုးသွမ်းမှုလေးတွေက မောင်ဝေလင်းနဲ့တွေ့ပြီမှ အနည်းငယ်ငြိမ်ကျသွားသည်။