[မြူရစ်သိုင်းနေသည့်အနာဂတ်]
"Bae bae က မင်းကိုကြိုက်နေတာ"
"မယုံရင်စမ်းကြည့်ပါလား မင်းတို့တစ်အိမ်ထဲအတူနေတာပဲ"
ဒီရက်အတွင်းစိတ်ထဲလွှမ်းမိုးနေတဲ့ Sam ရဲ့စကားသံတွေ Ryan ရဲ့နားထဲတဝီဝီကြားနေရတုန်းပဲ။ သံသယကင်းကင်းနဲ့နေချင်တယ်။ ဒါပေမယ့် ဘယ်လိုမှမေ့ထားမရတဲ့ကိစ္စရပ်ကြီးတစ်ခုကို ခေါင်းထဲထည့်ထားရတာလည်းသိပ်ပင်ပန်းနေပြီ။ ဦးနှောက်တွေကိုဖောက်ထုတ်ပြီး အရက်ပြန်နဲ့ဆေးချပစ်ချင်စိတ်တွေ တဖွားဖွားပေါ်နေတော့တယ်။
ကီးဘုတ်ပေါ်မှာလက်ချောင်းတွေသွက်သွက်ပြေးရင်း လူနာမှတ်တမ်းတွေစိစစ်နေပေမယ့် မှားသွားလို့ပြန်ပြန်ပြင်နေရတာလည်းအခေါက်ပေါင်းမနည်းတော့ဘူး။ အခန်းတံခါးဝကို ခပ်ယိုင်ယိုင်မှီလို့ လက်ပိုက်ပြီးရပ်စောင့်နေတဲ့သက်တန့်က သူ့ကိုခေါင်းကိုက်စေတယ်။
"ညဥ့်နက်လွန်းနေပြီဦးငယ်၊ ခေါင်းတွေကိုက်နေပြီလား"
"ငါအလုပ်တွေသိပ်များနေလို့ မင်းအိပ်လိုက်တော့"
မယုံပါဘူးလို့ဘယ်လောက်ပဲပြောပြော ဂရုစိုက်ခြင်းတွေကိုသတိထားမိလာတိုင်း Ryan သံသယဝင်ရ ့တာပဲလေ။ မင်းတကယ်ကိုပဲ ငါ့အပေါ်စိတ်ရှိနေတာလားလို့ လက်လွတ်စပယ်မမေးလိုက်ချင်ဘူး။ မသေချာမရေရာတဲ့အသေးအမွှားတွေကိုလည်း လိုက်ခံစားမနေချင်ဘူး။
တကယ်တော့ အလုပ်တွေဆက်မလုပ်နေတော့ဖို့ အမိန့်ပေးစေချင်တာ။ လှည့်ထွက်သွားတဲ့ခြေသံဖွဖွကိုလည်းကြားလိုက်တယ်။ Ryan အလုပ်တွေများနေတဲ့အချိန် သူကအိပ်ယာပေါ်မိန့်မိန့်ကြီး ဘယ်လိုလုပ်အိပ်ပျော်မှာလဲလို့ ခဏခဏပြောခဲ့တဲ့သက်တန့်ရဲ့စကားတွေ နားထဲပြန်ကြားယောင်လာတယ်။
"အဲဒီကောင်လေး ဆိုဖာပေါ်သွားကွေးနေပြန်ပြီနဲ့တူတယ်"
တစ်ယောက်တည်းရေရွတ်ရင်း မျက်မှန်ကိုချွတ်ပြီး မျက်နှာတစ်ခုလုံးကိုလက်ဖဝါးနဲ့ပွတ်ဆွဲလိုက်တယ်။ lap top screenကိုကြည့်တာများလို့လားမသိ မျက်လုံးတွေစပ်နေတယ်။ စားပွဲပေါ်ရှုပ်ပွနေတဲ့စာရွက်စာတမ်းတွေပေါ်ကို အခန်းမီးရောင်ဖျော့ဖျော့ကလေးအုပ်မိုးနေတယ်။ ဘာဖြစ်လို့များ အရာအားလုံးက မှိုင်းညို့နေရတာလဲ။ သက်ပြင်းတိုးတိုးချပြီး laptopကိုပိတ်ပစ်လိုက်တယ်။ မဟုတ်ဘူးလေ။ ဖြစ်မှမဖြစ်နိုင်တာလို့ စိတ်ထဲတေးမှတ်ထားရင်းနဲ့ပဲ စမ်းတဝါးဝါးအတွေးတိမ်တွေကိုရိုက်ထုတ်တယ်။