"ကုန်ကြွေး လာကောက်တယ်ဟေ့"ကုန်ကြွေးလာတောင်းသော ဦးလေးကြီးက ဘောက်ချာတစ်ရွက်ကို ပေးလာတော့ အထွန်း အသေအချာ ကြည့်လိုက်သည်။
"ငါးသောင်း သုံးထောင့် လေးရာ နော်"
အထွန်းက ပြောရင်းဖြင့်ပင် ပိုက်ဆံခြင်းထဲမှ ပိုက်ဆံတို့ကို ထုတ်ကာ ရေသည်။
ပိုက်ဆံပေးပြီးသော အခါတွင်တော့ အထွန်း သက်ပြင်းချရတော့သည် ။
ကုန်ဈေးတွေကလည်း ကြီးလာလိုက်တာ ၊ တစ်ခေါက်တစ်ခေါက် ပစ္စည်းရောက်ရင် ရှင်းရတဲ့ငွေကမနည်းဘူး ။ ပစ္စည်းအနာတွေ ပါလာလို့ လွှင့်ပစ်ရတာတွေများတဲ့ အခေါက်ဆိုရင် အထွန်းတို့ ထိုင်ပါငိုချင်ရဲ့။လက်ကျန်ငွေလေးကို တယုတယ ကိုင်ရင်း တွေးမိပြန်သည် ။ အထွန်း ပိုက်ဆံစုရဦးမှာပဲ။ စုဘူးလေးထဲမှာ ပိုက်ဆံပြည့်ရင် အမေ့ကို လုပ်ပေးချင်တာတွေမှ အများကြီး ။
"ဟဲ့ အထွန်း ဒီနှစ်သင်္ကြန် ခရီးထွက်ကြမလို့တဲ့ ၊ နင် လိုက်ခဲ့ပါလား "
အထွန်း ခေါင်းသာခါပြလိုက်သည်။
"မလိုက်တော့ပါဘူး လှကြည်ရယ် ၊ အကုန်အကျတွေ များတယ် "
"အများကြီးမကုန်ပါဘူးဟယ် ၊ အခုလည်း လူစုပြီး သွားကြမှာ လူများရင် ပိုတောင် သက်သာသေး"
"ကုန်တာကတော့ ကုန်တာပဲလေ ၊ ပြီးတော့ ငါက ပိုက်ဆံစုနေရတာ "
ထိုအခါမှ လှကြည်က လက်လျှော့ဟန်ဖြင့် ခေါင်းညိတ်သည်။
"အေးပါ အထွန်းရယ် ၊ တကယ်ပဲ တစ်ရက်တစ်ရက် ဘာလို့ အဲလောက် စုနေမှန်းမသိဘူး "
မျက်စောင်းတထိုးထိုးဖြင့် ပြောနေသော လှကြည်ကို အထွန်း ရယ်သာ ပြလိုက်သည်။
ပိုက်ဆံစုတာ သုံးစရာရှိလို့ပေါ့ ။
စုထားတဲ့ ပိုက်ဆံပြည့်ရင် အထွန်း အိမ်လေးကို ပြန်ပြင်ရမှာ ။ ပြီးတော့ အထွန်းတို့ ခြံဝိုင်းလေးကိုလည်း ပြင်ရဆင်ရဦးမှာ။အထွန်း တွေးရင်းဖြင့်ပင် လှိုက်ခနဲ ပျော်လာသည် ။
အတွေးထဲတွင်တော့ အမေက အိမ်အသစ်မှာ ပြုံးလို့ ၊ ပျော်လို့ ။
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"