[photograph]
ချမ်းစိမ့်စိမ့်လေအေးတွေကိုအံတုလို့ အကြာကြီးတောင့်ခံနေဖို့ ဝန်မလေးတော့ဘူး။ ကျနေတဲ့မျက်ရည်တွေဟာလည်း ကုန်ဖို့မရှိတော့ဘူးထင်ပါရဲ့။ ရှိုက်ငိုနေတာမျိုးမဟုတ်တောင် မျက်လုံးအိမ်ထဲမျက်ရည်တွေပြည့်လာလိုက် လျှံကျသွားတိုင်းဖိသုတ်လိုက်ရနဲ့အလုပ်ရှုပ်နေတယ်။
တွေးမိတိုင်းဝမ်းနည်းစေတာ။ Ryan က အဲဒီလိုလုပ်လိမ့်မယ်လို့ သူတွေးတောင်မတွေးထားမိပါဘူး။ တကယ်ကို သူက ရွံစရာကောင်ကြီးဖြစ်နေတာလား။ အနီးဆုံးလူကတန်ဖိုးထားတယ်ထင်ခဲ့မိတာ။
shave လုပ်ပေးနေတဲ့သူ့လက်တွေကို ရုတ်တရက်ကြီးဖမ်းချုပ်ပြီး ရေစိုနေတဲ့ပခုံးသားတွေကို ဖိကပ်နမ်းရှိုက်တာမျိုးမလုပ်ခဲ့ရင်သိပ်ကောင်းမှာပဲလို့ တွေးမိတုန်းပဲ။ ညတိုင်းထည့်မက်ခဲ့ရတဲ့ အိပ်မက်တွေထဲကလိုပဲ။ တကယ်ဟုတ်မှဟုတ်ရဲ့လားလို့တောင် အကြိမ်ကြိမ်စဉ်းစားနေမိတော့တယ်။ အိပ်မက်တွေအမှန်တကယ်ဖြစ်လာတိုင်း ပျော်ရတာမဟုတ်ဘူးလေ။ ဘာရည်ရွယ်ချက်နဲ့ဒီလိုလုပ်ရတာလဲသူသိချင်တယ်။ အဲဒီညက Ryan ကို အလန့်တကြားစောင့်တွန်းပစ်လိုက်မိတယ်။ တောင်းပန်ပါတယ် စနောက်လိုက်တာပါ ဆိုတဲ့စကားနဲ့ စော်ကားခံလိုက်ရခြင်းကိုဖာထေးလို့ရရင် အခုလိုတအီအီငိုနေမှာမဟုတ်ဘူး။ ရမလားလို့ စမ်းကြည့်ချင်တဲ့လူတွေထဲ Ryan မပါဘူးလို့ သူအမြဲထင်နေခဲ့မိတာပါ။
ကြည့်စမ်းပါဦး ပြန်တွေးရင်းနဲ့မျက်ဝန်းထဲမှာမျက်ရည်တွေဝိုင်းလာနေပြန်ပါပြီ။ အဲဒီညကစလို့ Ryan နဲ့စကားမပြောဖြစ်အောင်ရှောင်နေမိတာ အင်း သုံးရက်တောင်ရှိခဲ့ပြီပဲ။
ကြောက်လိုက်တာ။ အခုလိုညတွေမှောင်လာတိုင်း အကြောက်တရားကသူ့စိတ်ထဲကြီးစိုးနေတော့တာ။ Ryan မူးလာမှာလည်းသူကြောက်တယ်။ Ryan နဲ့မျက်နှာချင်းဆိုင်ရမှာကိုလည်းကြောက်တယ်။ အသက်ရှူတောင်မဝချင်ဘူး။ တစ်စုံတစ်ယောက်ကသူ့မျက်နှာကိုခေါင်းအုံးနဲ့လာဖိထားသလိုခံစားနေရတယ်။ ကြားနေကျခြေသံကိုနားမထောင်ချင်တော့ဘူး။ ကျောချင်းကပ်အိပ်တိုင်း မထိမိအောင် တက်နိုင်သမျှ ကိုယ်ကိုကျုံ့ထားမိတယ်။