"ငါ့သား ရာဇာရယ်..ပေး..ပေး၊ မေချိုလုပ်လိုက်ပါမယ်။ အဲ့လောက်ထိ လိုက်လုပ်ပေးဖို့ မလိုပါဘူး"
မေချိုတို့အိမ်ရှေ့ ခြံထဲရှိ ရေစည်နားတွင် မာန်ပြည့် ယိုးဒယားဖိနပ်အဖြူလေးအား တိုက်ချွတ်ပေးနေသည့် ရာဇာ့နားသို့ မေချိုက ထဘီမ၍ ရောက်လာသည်။
"မလုပ်ပါနဲ့ မေချိုရာ..မာန်ပြည့် ငရဲကြီးနေပါဦးမယ်"
မေချိုဆွဲလုနေသည့် ဖိနပ်လေးအား ရာဇာအပြုံးတစ်ပွင့်ပင် ပြန်ယူသည်။
"ကြပ်ကြပ်အလိုလိုက်..အကုန်ခိုင်းစားနေမယ်။ နဂိုကမှ လက်ကြောမတင်းတာ အခုဆို ပိုဆိုးလာသလိုပဲ ဘာမှကို မလုပ်ချင်ဘူး အဲ့ကောင်လေး"
မေချိုက ရာဇာ့ဘေးတွင့် ဆောင့်ကြောင့်ထိုင်၍ မာန်ပြည့်အကြောင်း ဖောက်သည်ချတော့သည်။
"မာန်ပြည့်က လိမ္မာပါတယ် မေချိုရဲ့.."
ဖြူဖွေးနေအောင် တိုက်ချွတ်ထားသည့် ဖိနပ်လေးအား ရေစစ်စေရန် နေရောင်ထိုးသည့်နေရာအား ရွေး၍ ခုံပုလေးအား မှီကာ ထောင်ထားလိုက်သည်။
မာန်ပြည့်စီးသည့် ဖိနပ်ကိုပင် မြတ်မြတ်နိုးနိုးပြုံး၍ ကြည့်နေသည့် ရာဇာကြောင့် မချို သက်ပြင်းငွေ့ငွေ့ ကြိတ်ချသည်။ မသိမသာ စကားခေါ်လာသည့် သားနှစ်ယောက်ရဲ့ စကားတွေက ဘယ်လမ်းကြောင်းသို့ ဦးတည်နေကြလဲ သူရိပ်မိသော်လည်း အနည်းငယ် အတ္တကြီးစွာဖြင့် မသိချင်ယောင် ဆောင်ထားနေမိပါသည်။
"မေချို.."
သားနှစ်ယောက်အကြောင်းတွေးရင်း တွေဝေနေမိရာမှ ရာဇာ့ခေါ်သံကြောင့် အာရုံတွေပြန်စုစည်းရသည်။ ဖိနပ် နေလှမ်းပြီးသည်နှင့် ခြံထဲရှိအပင်များအား ရာဇာက ရေလောင်းနေပြန်သည်။ နှုတ်ခမ်းထောင့်နှစ်ဖက်က ကော့ညွှန့်၍ ပြုံးနေပါသေးသည်။
"သား မာန်ပြည့်ကို မေချို့ဆီက လုမယူပါဘူး"
ရာဇာ့စကားကြောင့် မချိုမျက်လုံးတွေကို တစ်ချက်ပုတ်ခတ်မိလိုက်သည်။ ရာဇာက သူ့အားစကားပြောနေသော်လည်း သူ့ထံ အကြည့်တစ်ချက်ပင်ရောက်မလာခဲ့ပါ။
"ဒီတိုင်း ချစ်ရသူအဖြစ် တရားဝင်ပိုင်ဆိုင်ခွင့်ရချင်ရုံပါ။ မေချိုလိုလိုလားလား ပေးအပ်မဲ့ မာန်ပြည့်အုပ်ထိန်းသူနေရာကို သားလိုချင်တယ်"
YOU ARE READING
အိမ်ပြေး , အိမျပွေး { Z + U } Complete
Teen FictionZawgyi ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စေသလဲဆိုတာ။ Unicode ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စ...