အခန်း|၁|

3.4K 263 11
                                    


Unicode

နေရာကျနှင့်ပြီးသော ရှပ်အင်္ကျီကော်လာကို ကျန်းဟောင့် မှန်ထဲကြည့်၍ ပုံချနေသည်မှာ ယခုအကြိမ်နှင့်ဆို ၁၂ကြိမ်မြောက်ဖြစ်၏။ မကြာသေးခင်ကမှ ခြောက်သွေ့သွား၍ ရှန်ပူနံ့မပျောက်သေးသော ဆံပင်များက ပွယောင်းနေမလား။ လက်ချောင်းသွယ်များနှင့် နဖူးပေါ်ကဆံပင်ကို  ဖြီးသင်ရင်း မှန်ထဲမြင်နေရသော ကိုယ့်ပုံစံကိုယ် ရုတ်တရတ်ကြီး စိတ်တိုင်းမကျဖြစ်နေမိ၏။

" တကယ်ပဲ..ဘာဖြစ်နေတာလဲ။ ပုံမှန်အတိုင်းပဲနေရအောင်.. ပုံမှန်အတိုင်း "

မူမမှန်နေသည့် အပြုအမူများကို သတိထားမိပြီး ကျန်းဟောင့် ကိုယ့်ပါးကိုယ် လက်ဖြင့်ခပ်ဆဆရိုက်ကာ အသိကပ်စေလိုက်သည်။ တကယ်ပါပဲ...။ ဒီငါးနှစ်အတွင်းမှာ အဆင်ပြေပြေနေနိုင်နေတာပဲကို အဲ့ဒီနာမည်လေးတစ်ခုကြားလိုက်ရုံနဲ့ ကျန်းဟောင့် ကိုယ်တွင်းကဆဲလ်တွေကတောင် သူ့အမိန့်ကို မနာခံနိုင်တော့ဘဲ ယောက်ယက်ခတ်နေတော့တာ။

လွန်ခဲ့သည့်အပတ်က အတန်းချိန်အပြီး ဂယူဘင်းဆီက ကျောင်းသားဟောင်းတွေ့ဆုံပွဲသို့ လာရန်ဖုန်းဆက်ခေါ်ခြင်းကို လက်ခံရခဲ့သည်။ ယခင်နှစ်များကလည်း အထက်တန်းကသူငယ်ချင်းဟောင်းများနှင့် တွေ့ဆုံရန်ဖိတ်ခေါ်သည့် ဖုန်းများရခဲ့ပေမဲ့ ကျန်းဟောင့်ကတော့ စိတ်မပါ၍ မသွားဖြစ်သည်သာ။ ယခုအကြိမ်မှ ဖုန်းချခါနီးတွင် ဂယူဘင်း၏ -

" အတန်းခေါင်းဆောင်လည်း ကနေဒါကနေပြန်ရောက်နေပြီကြားတယ်။ သူလည်း လာမလားမသိဘူး "

ဟူသော စကားတစ်ခွန်းကြောင့် ဤခုနစ်ရက်တာအတွင်း ကျန်းဟောင့်သည် ကွက်တိချိန်ကိုက်ထားပြီးသား သူ၏ပုံမှန်စည်းဝါးနရီများထဲမှ အကြိမ်ကြိမ်လွဲမှားချော်ထွက်နေရ၏။

အထက်တန်းကတည်းက အမြဲငေးကြည့်နေခဲ့ရသည့်ကျောပြင်ကျယ်ကို နီးစပ်ဖို့ရာ မျှော်လင့်ချက်မရှိခဲ့သလို၊ ရှေ့တစ်လှမ်းတိုးဖို့လည်း သတ္တိမရှိခဲ့ပေ။ ကျန်းဟောင့်အတွက်တော့ ထိုကျောပြင်ကျယ်သည် အထက်တန်းစတက်သည့်နေ့ကတည်းက ကျောင်းဆင်းပွဲနေ့အထိ ငေးကြည့်ရုံသာ တတ်နိုင်ခဲ့သော ကျောပြင်ဖြစ်သည်။ ထိုသူကတော့ အတန်းထဲမှာ အမြဲတိတ်ဆိတ်နေသောသူ့ကို သတိပင်ထားမိမည်မဟုတ်။ ကျောင်းပြီးသည်နှင့် ချစ်ရသူနှင့်အတူ တက္ကသိုလ်တက်ရန် ကနေဒါသို့ လိုက်သွားခဲ့သည်မဟုတ်ပါလား။ ကျန်းဟောင့်ကသာ သူ့ရင်ဘက်ထဲက ထိုသူ၏ တောက်တောက်ပပအပြုံးတွေ မှေးမှိန်သွားဖို့ ဆုတောင်းရင်း ထိုသူ၏ ခြေရာများကျန်ရစ်ခဲ့သည့် နေရာက ခြေမခွာနိုင်ရှိခဲ့ရသည်။

𝐶𝑎𝑓𝑓𝑒𝑖𝑛𝑒 / 𝐵𝑖𝑛 𝑥 𝐻𝑎𝑜 /Where stories live. Discover now