Unicode
မီးခိုးရောင် Laptop အိတ်ကို ဦးဝေလက်ထဲ ထည့်ပေးတော့ သူရိန်ကို မေးခွန်းသေချာဂရုတစိုက်ဖတ်ဖို့နဲ့ စာမေးပွဲခန်းထဲကထွက်လာရင်ဖုန်းဆက်ဖို့သေချာမှာပြီးမှ ဦးဝေကားပေါ်တက်သွား၏ မနက် ၈ နာရီဆိုအလုပ်သွားတတ်တဲ့ဦးဝေ က အရင်နှစ်ကစာမေးပွဲရက် ကိုယ်တိုင် လိုက်ပို့ပေမယ့် ဒီနှစ်စာမေးပွဲအချိန် နေ့လည်ဘက်ဖြစ်တာကြောင့် လိုက်မပို့ဖြစ်ပေ။
ဦးဝေကားခြံထဲကထွက်သွားသည်နှင့် အပေါ်ထပ်တက်ပြီး စာနည်းနည်းပြန်ကြည့်ဖို့လုပ်ရသည်။ formula နှင့် short note များ ကိုကိုယ်တိုင်ထုတ်ခိုင်းထားတာကြောင့် အများကြီးတော့ပြန်ကြည့်စရာမလို။ အချိန်နည်းနည်းထပ်ပေးရင်ရပြီဖြစ်တာကြောင့် အပေါ်ထပ်တက်တော့ သူရိန် လှေကားလက်ရန်းကိုအားပြုတက်ရသည်။
"ကြောင်ပေါက် ..... ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား"
ကုန်းကုန်းကွကွနှင့်လှေကားတစ်ဆင့်ချင်းဆီ တက်နေသည့် သူရိန်ကို ဆံပင်စုတ်ဖွါးနှင့် အခုမှ အိပ်ယာထလာပုံရသည့် ဒန်နီယယ်က လှေကားထိပ်မှ ပိတ်ရပ်ပြီးမေးလာ၏ အမေရိကနှင့် မြန်မာနိုင်ငံ အချိန်ကွာခြားမှုကိုနေသားမကျသေးသည့် ဒန်နီယယ်က အိပ်ချိန်သိပ်မမှန်ပေ။ တစ်ခါတစ်လေ နေလည်ဘက်အိပ်ငိုက်နေတတ်ပြီး တစ်ခါတစ်လေညဘက် ထမင်းစားခန်းထဲ ထမင်းထစားနေတတ်သည်။
"နည်းနည်း ဖယ်ပါဗျာ ဒူးချောင်နေလို့"
"ဒူးချောင်နေတယ်? ကျစ်....အစ်ကိုကလည်းကွာ ကြောင်ပေါက်စာမေးပွဲ ရှိတာကို နည်းနည်းပါးပါးမဆင်ခြင်ဘူး"
ဦးဝေ နှင့်စာမေးပွဲအတွက် စာစလုပ်သည့်ရက်တည်းက အဆူမခံရသည့် ရက်မရှိ။ အရိုက်မခံရသည့် ရက်က ခပ်ရှားရှား။ ရက် ၂၀ အတွင်း ကြိမ်လုံးတစ်လုံး ကုန်အောင် အကျွေးခံလိုက်ရပြီးနောက် သူရိန်စာမေးပွဲအတွက် အဆင်သင့်ဖြစ်နေပေသည်။အခုလည်း ဖြေမည့်ဘာသာကို short note မထုတ်ထားမိ၍ ထိုင်ထ လုပ်ထားရခြင်းဖြစ်သည်။ အကြိမ် ရေ ၁၅၀ တိတိ မှ ရပ်ခိုင်း သည့်အပြင်အဆူလဲခံလိုက်ရသေးသည်။ အကျိုးရလဒ်က သူရိန် မနက် လှေကားအတက်အဆင်း ဒုက္ခရောက်ရ၏