အပိုင်း - ၆ { နန်ကျန်း၏ နတ်ဆေးဆရာငယ် }

5.7K 1K 28
                                    


အခန်း - ၆

( နန်ကျန်း၏ နတ်ဆေးဆရာငယ်)

နန်းမြို့တော်၏ အဝင်မုခ်တံခါးဝသို့ ရောက်လာသောအခါ မြင်းရထားထဲ လိုက်ပါလာသော ဝူးရှီးက ကန့်လန့်ကာစကို အသာလေးလှပ်တင်လိုက်ကာ အပြင်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။

တောင်ပိုင်းဒေသနန်ကျန်းမှ အလယ်ပိုင်း​လွင်ပြင်ဒေသသို့ လာရသောခရီးစဥ်မှာ လပေါင်းများစွာကြာမြင့်သည်။ ထိုအခါမှာမှ ယုံတမ်းပုံပြင်များတွင်သာ သူ ကြားဖူးခဲ့သည့် အလယ်ပိုင်းလွင်ပြင်ဆိုသောဒေသမှာ လွန်စွာမှ ကျယ်​ဝန်းခမ်းနားကာ လူဦးရေထူထပ်သိပ်သည်းလှကြောင်း ဝူးရှီးတစ်ယောက် မျက်ဝါးထင်ထင် မြင်ဖူးသွားပြီဖြစ်သည်။

နန်းမြို့တော်၏ တံတိုင်းနံရံများမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကာ အဆုံးမရှိသော လှည်းတန်းများဖြင့် ပြွတ်သိပ်ကျပ်ညှပ်နေလျက်ရှိ၏၊ လမ်းများကလည်း လွန်စွာမှ ရှည်လျားကြလေရာ လမ်းအဆုံးထိရောက်ရန် တစ်ဘဝလုံးစာအချိန် အကုန်ခံရတော့မည့်အလား ထင်မှတ်မှားရသည်။

နေ့အလင်းရောင်ကိုပင် မမြင်နိုင်လောက်အောင် တစ်နှစ်ပတ်လုံး အနက်ရောင်မြူခိုးထုကြီးများဖြင့် ဖုံးလွှမ်းနေတတ်သည့် သိပ်သည်းထူထဲလှသော နန်ကျန်း၏တောမြိုင်ရဂုံများ၊ ကြီးမားလှသော တောင်စဥ်တောင်တန်းများဖြင့် ကာရံထားသော တံတိုင်းအခြံအရံများမှာ ဤဒေသ၏ လီပေါင်းထောင်ချီရှည်လျားမည့် မြစ်နဒီအသွယ်သွယ်၊ တောင်စဥ်တောင်တန်းအထပ်ထပ်တို့နှင့် နှိုင်းယှဥ္လိုက်လျှင် မထင်မရှားဖြစ်သွားသည့်အပြင် အနည်းငယ်ပါ သေးနုပ်တိမ်မြှုပ်သွား၏။ သို့ဆိုပါက မိမိတို့၏မျိုးနွယ်စုကို အလယ်ပိုင်းလွင်ပြင်မှ စစ်သည်တော်များက အဘယ်ကြောင့်များအဆက်မပြတ်ထိုးစစ်ဆင်ကာ သိမ်းပိုက်ချင်နေရပါသနည်း။

မျိုးနွယ်စု၏ ဩဇာအညောင်းဆုံး၊ ပညာဉာဏ်အပြည့်ဝဆုံးပုဂ္ဂိုလ်ဖြစ်သည့့်အပြင် နတ်ဘုရားကျားရှီး၏ဆန္ဒတော်ကို လူသားတို့ထံ တစ်ဆင့်ကိုယ်စား ပြောပြပေးသည့် ကြီးမြတ်လှသော နတ်ဆေးဆရာကြီးကို ဝူးရှီး မေးမြန်းကြည့်ဖူးသေးသည် ။ ဝူးရှီးသည်လည်း နောင်အနာဂတ်တွင် ထိုသို့သောနတ်ဆေးဆရာကြီးတစ်ယောက်ဖြစ်လာလိမ့်မည်။ သို့သော်လည်း ကလေးတစ်ယောက်သာဖြစ်နေသေးသော ဝူးရှီးအတွက် နားမလည်နိုင်သည့် အကြောင်းအရာများစွာရှိနေသေးသည်။

အရှင်ခုနစ် Where stories live. Discover now