• Unicode •

1.7K 143 3
                                    

IDAHOT အမှတ်တရအဖြစ် ရေးသားသည် ။ 🏳️‍🌈

🔸🔸🔸🔸🔸🔸🔸🔸🔸🔸

ဇန်နဝါရီမနက်ခင်းတစ်ခု၏အစ ။ ငွေနှင်းမှုန်လေးတွေကမပီမပြင်နှင့် လေထုထဲမှာ ဝေ့ဝေ့ဝဲဝဲရစ်သိုင်းလို့ ။ မြူနှင်းရည်စက်ကလေးများကလည်း သစ်နွယ်သစ်ရွယ်လေးများပေါ်ဝယ် ယီးလေးခိုစီးကာ မြေပြင်ဆီသို့ သူ့ထက်ငါအလုအယက် သက်ဆင်းနေကြလျက် ။ ဆောင်းလေအေးလေးကလည်း သွဲ့သွဲ့ကလေးဆော်သွေးနေပြန်တော့သည် ။

စိန်ပန်းပင်များစီတန်းပေါက်ရောက်နေသော လမ်းလေးထက်ဝယ် ဂျပန်ဘီးလေးတစ်စီးမှာ အရှိန်မှန်စွာနင်း၍လာလေ
သည် ။ ထိုစက်ဘီးလေးနောက်ခုံတွင်ထိုင်၍လိုက်ပါလာသော ကောင်လေးမှာလည်း ဆွတ်ပျံ့အေးချမ်းလှသော ပတ်ဝန်းကျင်အားငေးမောလျက် ရှိနေတော့သည် ။

" ကောင်းကောင်း... မဆင်းတော့ဘူးလား ။ လမ်းထိပ်ရောက်နေပြီလေ ''

ဦးငယ်၏အသံကြားလိုက်တော့မှသာ အာရုံတို့ပြန်ကပ်လာကာ ပြန်ဖြေလိုက်ရသည် ။

" ဆင်းမှပေါ့ ဦးငယ်ရ...''

စက်ဘီးပေါ်မှခုန်ဆင်းလိုက်ကာ ရှေ့ခြင်းထဲရှိ ကျောပိုးအိတ်ကလေးအားယူလိုက်သည် ။ ကျောပိုးအိတ်ကိုနေရာတကျလွယ်နေခိုက် ဦးငယ်က ပြောလာသည် ။

" ကျောင်းရောက်ရင်လည်း အာဟာရပြည့်တာ ဗိုက်ဝတာပဲဝယ်စားနော် ။ ပေါက်ကရတွေလျှောက်စားမနေနဲ့... ''

" ဟုတ်ပါပြီ ဦးငယ်ရယ် ၊ မေမေလည်းမှာလိုက်တာပဲကို ကျွန်တော်မှတ်မိပါတယ် ''

" မှတ်မိရင်ပြီးတာပဲ ၊ ကားတက်ကားဆင်းဂရုစိုက် ။ ငါသွားပြီ...''

ဦးငယ်က စက်ဘီးကိုကွေ့ရန်ဟန်ပြင်စဥ် ကောင်းကြည်ဝေက လက်ကိုင်နှစ်ဖက်ကို ဆွဲညှစ်ကာတားလိုက်တော့ ဘုကြည့်ကြည့်လာသည် ။

" အဟီး...မုန့်ဖိုးပေးသွားဦးလေဗျာ ''

" ဟေ့ကောင်... ငါ့အစ်မက မင်းကိုပေးပြီးသားမလား ။ မုန့်ဖိုးတွေအများကြီးယူပြီးဘာလုပ်မှာလဲ ၊ မပေးနိုင်ဘူး ''

ဦးငယ်က မျက်မှောင်ကြုတ်လျက် ဗျစ်တောက်ဗျစ်တောက်နှင့်ပြောကာ စက်ဘီးနင်းရင်း လမ်းလေးထဲသို့ ပြန်သွားလေပြီ ။

နှလုံးသားမှတ်တိုင် / နှလုံးသားမှတ်တိုင် [Completed] Where stories live. Discover now