ကိုယ့်ရဲ့နံနက်ခင်းလေး
အလုပ်တွေကိုဇယ်ဆက်သလိုခပ်သွက်သွက်လုပ်နေရင်းမှ နံရံဖြူဖြူထက်ကနာရီကိုမော့ကြည့်မိတော့ နံနက် ၆ နာရီခွဲရန် ၅ မိနစ်သာလိုတော့၏။
Cook Helper ကို Dry storeထဲခဏသွားဦးမည်ဟုအသိပေးခဲ့လိုက်ပြီးမှအခန်းထောင့်ရှိ Dry store အတွင်းဝင်ခဲ့လိုက်ရင်း တစ်ခုတည်းသောမှန်ပြတင်းတံခါးနားဆီကိုတိုးကပ်လိုက်မိ၏။
သံပန်းလေးကာရံထားသောမှန်ပြတင်းလေးဟာအနည်းငယ်မြင့်သော်ငြားရှည်လျှားတဲ့သူ့အရပ်ကြောင့် အပြင်ကိုလုံးလုံးလျားလျားမြင်နိုင်ပါသော်လည်း ခြေဖျားကိုအသာထောက်ပင့်လို့ မြင်နေရတဲ့လမ်းကလေးဆီစိတ်စောစွာမျှော်ကြည့်လိုက်မိ၏။
ဟော့..လာပါပြီ။ ရက်ပေါင်းများစွာစောင့်ကြည့်နေခဲ့ရပါသောကိုယ့်ရဲ့နံနက်ခင်းနုနုကလေးဟာ အရင်နေ့တွေကလိုပဲနှင်းပွင့်ငယ်ကလေးလိုလတ်ဆတ်ရှင်းသန့်လို့နေ၏။ သဲသဲကွဲကွဲမမြင်ရသေးသော်လည်းဒါဟာကိုယ့်ရဲ့နံနက်ခင်းလေးမှန်းဘယ်နည်းနဲ့မှကိုမလွဲနိုင်ပါဘူး။
သွယ်လျသောခြေတံရှည်ရှည်တို့ကတက်ကြွခြင်းတို့နှင့်ဖျတ်လတ်နေ၏။ တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှပီပြင်လာသောအသွင်သဏ္ဍာန်လေးကိုအသက်ရှူရန်မေ့နေလောက်သည်အထိ ရပ်ငေးကြည့်နေမိပါတော့သည်။
အတူတွဲလျှောက်လှမ်းလာသောအဖော်ကိုပြုံးရယ်ကာစကားပြောလာတဲ့မျက်နှာလေးကိုလည်းအကြည့်တို့ကမလွှဲနိုင်ခဲ့ပါ။
လက်ဟန်ခြေဟန်ကလေးနှင့်စကားတွေဖောင်ဖွဲ့နေသူလေးက နည်းနည်းတော့ဖော်ရွေလွန်းအားကြီးနေတာကိုဘဝင်မကျမိပေမဲ့လည်းစွက်ဖက်ခွင့်မှမရှိသည်ဘဲ။
နှာတံစင်းစင်းလေးဘေးနားကမှည့်နက်စိုစိုလေးကိုတောင်မြင်ရလောက်သည့်အကွာအဝေးကိုရောက်လာချိန်မှ မမြင်နိုင်လောက်ဘူးဆိုတာကိုသိနေပေမယ့်လည်း ပြတင်းနားမှခွာကာပုန်းကွယ်လိုက်မိစဥ်...။
"အစ်ကိုဘာရှာနေတာလဲဟင်။ ကျွန်တော်အားလုံးပြင်ပြီးသွားပါပြီ။ ခင်းလိုက်တော့မယ်လို့လာပြောတာပါ"
YOU ARE READING
ကိုယ့်ရဲ့နံနက်ခင်းလေး
Short Storyစိတ်နဲ့ထပ်တူကျသူမျိုး၊ အရှိကိုအရှိတိုင်းလက်ခံပေးနိုင်သူမျိုးတဲ့လား။ သေချာပါတယ်။ ကိုယ်ပဲဖြစ်ရမယ်။ #One Shot