"ကလင်..."
ဆိုင်တံခါး၀တွင်ချိတ်ဆွဲထားသောခေါင်းလောင်းလေးအသံမြည်သွားသည်။ ကောင်တာဘက်တွင်ကျောလှည့်ထားသောကျောပြင်လုံးလုံးလေးကချာခနဲလှည့်လာသည်နှင့်အတူချိုအေးသောဆီးကြိုသံလေးမှာလည်းတွဲရက်သားပါလာခဲ့သည်။
"ကြိုဆိုပါတယ်ခင်..."
ခင်ဗျဟူသောစကားလေးပင်မဆုံးနိုင်။ တွေ့လိုက်ရသောရင်းနှီးနေသည့်မျက်နှာကြောင့်ဖက်ထုပ်ဆိုင်ပိုင်ရှင်၀မ်ရီပေါ်လေးမျက်နှာကမဲ့ခနဲဖြစ်သွားသည်။
"အဟမ်း၊ ကြိုဆိုပါတယ်"
မျက်နှာကိုအသာပြင်ရင်းမျက်စောင်းလေးချီကာခပ်မဲ့မဲ့ပြောတော့ စပ်ဖြီးဖြီးမျက်နှာကိုချိတ်ဆွဲထားသောဧည့်သည်ဖြစ်ဟန်တူသူက မျက်စိတစ်ဖက်မှိတ်ပြရင်း ဆိုင်ပြတင်းပေါက်နားရှိထိုင်နေကျစားပွဲလေးသို့ခြေတံရှည်များကိုဦးတည်လိုက်သည်။
ဆိုင်ရှင်ပေါက်စလေး၏မျက်နှာကရဲခနဲ။
ကောင်တာပေါ်ကလာဘ်ခေါ်ကြောင်ရုပ်လေးကတော့ လက်ကလေးတလှုပ်လှုပ်။
-------------------------------------------------------
"ဘယ်လိုလဲ ငရှောင်း၊ မင်းအခြေအနေ"
ဖက်ထုပ်ဆိုင်ထဲကထွက်လာပြီး မလှမ်းမကမ်းကလက်ဖက်ရည်ဆိုင်ထဲကို ငရှောင်းဟုရင်းနှီးသူများကခေါ်ကြသော ရှောင်းကျန့်ဟုအမည်တွင်သည့်ခြေတံရှည်တို့၏ပိုင်ရှင်က ၀င်လိုက်သည်နှင့်အပေါင်းအသင်းဘော်ဒါ ဘော်ဂျွတ်တို့ကမေးနေကျမေးခွန်းနှင့်ခရီးဦးကြိုပြုသည်။
"မျက်နှာကြည့်ရတာတော့ ဒီနေ့လဲမာလာဖက်ထုပ်တစ်ပွဲနဲ့ပဲပြီးခဲ့ပုံပဲ"
လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ဇနီး ရှောင်ယွင်က လက်ဖက်ရည်ပေါ့ကျတစ်ခွက်ကိုလာချပေးရင်းမှတ်ချက်ပြုတော့ ရှောင်းကျန့်ကနွားပြာကြီးမြက်မစားရသလို လည်ကြီးလိမ်လို့။
"ဟေ့ကောင်၊ မင်းအဲ့တရုတ်ပေါက်ကိုလိုက်နေတာ နှစ်ပေါက်နေပြီနော်၊ ခုထိဖက်ထုပ်ကာစတန်မာအဆင့်ကမတက်သေးတာတော့မဟုတ်သေးဘူး"
မိန်းမဖြစ်သူစကားကိုကြား၍လက်ဖက်ရည်ဖျော်နေရာမှထလာသော လင်းဟောက်ကစားပွဲတွင်၀င်ထိုင်ရင်းဆိုသည်။ လည်ပင်းက ကျပ်သား၀က်လောက်ရှိသောရွှေဆွဲကြိုးပြားကြီးကနံနက်ခင်းနေရောင်ထဲတွင်တလက်လက်။ လင်းဟောက်နှင့်ရှောင်ယွင်တို့ဇနီးမောင်နှံ၏လက်ဖက်ရည်ဆိုင်က ၁၃လမ်းတွင်နာမည်တစ်လုံးနှင့်ဖြစ်သောကြောင့်စီးပွားတက်လှသည်။
VOUS LISEZ
Wo Ai Ni (One Shot)
Fanfictionတရုတ်ပေါက်လေးကိုချစ်တယ်ပြောချင်လို့ပါ ရှောက်ကျင့်ေ၀ါ်အိုက်နီ❤💚