" အချိန်တွေ သိပ်မကျန်တော့ဘူးပဲ "
မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေနဲ့ အတူ သက်ပြင်းချသံတွေ ပါသွားတယ်။ ဟက်ခနဲ ရယ်သံက လည်ချောင်းထဲကနေ အက်ကွဲကွဲနဲ့ ထွက်လာတယ်။ နှလုံးသားရဲ့ လက်ရှိ အခြေအနေလိုပဲ။
အော်ဟစ်လို့ အကူအညီ တောင်းလိုက်ချင်ပေမယ့် ကူရာကယ်ရာ မဲ့နေတယ်။ လွတ်ရာကျွတ်ရာဆီ ထွက်ပြေးသွားလိုက်ချင်ပေမယ့် ပြေးပေါက်တွေ ပိတ်နေတယ်။ ရူးချင်လောက်အောင် မွန်းနေတယ်။
စတုရန်းပေ ခြောက်ထောင်လောက် ကျယ်တဲ့ ဒီကွန်ဒိုအခန်းက မင်းဟောင် အတွက်တော့ အလှမွေး ငါးကန်လေးလို ခံစားနေရတယ်။ ရောင်စုံ ရေညှိရေမှော် လှလှလေးတွေ၊ တန်ဖိုးကြီးတဲ့ ငါးစာလေးတွေနဲ့ အဆက်မပြတ် လွင့်နေတဲ့ လေပူဖောင်းလေးတွေ အပြည့်နဲ့ ငါးကန်လေးပေါ့။
မင်းဟောင်ကရော ဘာငါးလေးများ ဖြစ်မလဲ။ တစ်ခါမှ ငါးကို အိမ်မွေး တိရစ္ဆာန် အဖြစ် မမွေးခဲ့ဖူးဘူး။ ငါးဆိုတာ သူ့အတွက် စားစရာ ဟင်းလျာ တစ်ခုထက်မှ မပိုခဲ့ဖူးဘဲကို။ သေချာပေါက် ရွေးရမယ်ဆို ငါးချိုချဉ်ကြော်လေး ဖြစ်ချင်တယ်။ ဒါမှ မဟုတ် မာလာ ငါးပေါင်းလေးပေါ့။
တိုက်တိုက် ဆိုင်ဆိုင် ဒီနေ့ ညနေစာကိုလည်း ငါးအသားလုံးဟင်းချိုနဲ့ စားခဲ့တာပဲ။ လွန်ခဲ့တဲ့ နာရီဝက်လောက်က လက်ညှိုးထိုးအန်လိုက်လို့ အစာအိမ်ထဲ ဘာတစ်ခုမှ ရှိမနေတော့ ပေမယ့်လို့ပေါ့။
" ကျက်သရေ တုံးလိုက်တာကွာ "
နံရံကပ် နာရီရဲ့ စက္ကန့်တံလေး ရွေ့သွားတိုင်း တချပ်ချပ်နဲ့ ထွက်လာတဲ့ အသံက သူ့စိတ်ကို ပိုပြီး ထိန်းမရအောင် လုပ်နေသလိုပဲ။ နာရီ အသံကပဲ ကျယ်လွန်းတာလား။ ဒီအခန်းကပဲ တိတ်လွန်းတာလား။
တံခါးက တီခနဲ မြည်သံနဲ့အတူ ဖိနပ်ချွတ်က sensor light ပွင့်သွားတာမို့ သူ ပြန်လာပြီဆိုတာ မင်းဟောင်သိလိုက်တယ်။ အသိစိတ်က ဘယ်လောက်ပဲ တားနေနေ မသိစိတ်ကတော့ဖြင့် မျက်စိရှေ့က tv remote ကို ဆွဲယူလို့ ကောက်ပေါက် ပြီးသွားပြီ။
" အားးး။ ဟွမ်မင်းဟောင် မင်းရူးနေတာလား "
" ဟုတ်တယ်။ ရူးနေပြီ။ ရူးတာမှ ကုလို့တောင် မရတော့ဘူး။ ငါ့ကို အရူးထောင် ပို့လိုက်တော့။ ဒီ ငါးမွေးကန်နဲ့ တူတဲ့ နေရာကြီးမှာ လုံးဝ မနေနိုင်တော့ဘူး။ သတ်ရင်လည်း သတ်လိုက်။ မဟုတ်ရင်လည်း ကိုယ့်ဘာသာပဲ သတ်ပလိုက်တော့မယ် "
ဟုတ်တယ်။ ရူးနေတယ်လို့ ပြောရင်လည်း ရူးတယ်ပေါ့။ စိတ်မှ မမှန်တော့တာပဲ။ ဘာမှလည်း မတွေးနိုင်တော့ဘူး။
မျက်လုံးထဲ မြင်မြင်သမျှ အနီရောင်တွေချည်းပဲ။ အားလုံးကို ထုရိုက် ဖျက်ဆီး ပစ်ချင်နေတာပဲ သိတော့တယ်။ သူ နဲ့ ဖန့်ချန်းချန်း နှစ်ယောက်ထဲက တစ်ယောက် ဒါမှ မဟုတ် နှစ်ယောက်လုံး မရှိတော့မှ အေးမယ်။📑 Note; Huang MingHao doesn't exactly pronounced as ဟွမ်မင်းဟောင် like I have written and so does Fan ChengCheng , but please excuse with that.
YOU ARE READING
𝐀𝐟𝐭𝐞𝐫 𝐋𝐞𝐚𝐯𝐢𝐧𝐠
FanfictionAfter leaving you behind, I feel like I'm the one who's being left. || Unicode Only ||