ခြေချောင်းထိပ်ဖျားလေးတွေဆီကထုံခဲနေတဲ့ခံစားချက်။ ခြေဖဝါးပြင်တစ်ခုလုံးဟာ အေးခဲတဲ့နှင်းထုကြားကို တစ်ချက်တစ်ချက်နစ်ဝင်သွားသည်။ ပါးလှပ်သည့်ဆွယ်တာလေးကို ထွင်းဖောက်ကာ ဆောင်းလေကြမ်းများဟာ ခန္ဓာကိုယ်ကို တိုက်စားလျက်ရှိသည်။ တစ်ကိုယ်လုံးဟာ အရိုးကွဲလောက်သည့် အေးခဲမှုကြောင့် တုန်ခိုက်နေသည်။ နာရီပေါင်းများစွာ မရပ်မနားပြေးလာခဲ့သည့်ခြေထောက်များဟာ ညောင်းကိုက်မှုအပြင် နှင်းကိုက်သည့်ဒဏ်ကိုပါ ခံရတော့မည်။ ဒါတွေဟာကျွန်တော့်အတွက်အရေးမပါနိုင်တော့ပြီ။ ဦးနှောက်ထဲတွင်ခိုတွယ်နေသောအကြောင်းအရာမှာ ဤ ညစ်နွမ်းအကျည်းတန်ပြီး အသုံးမဝင်သည့် ဘဝကို အပြီးသတ်အဆုံးသတ်ရန်။
ဤကမ္ဘာမြေတွင် အမှန်တရားမရှိ၊ ဖြူစင်မှုမရှိ။ ရှူပ်ထွေးပူလောင်လွန်းသည့် လူသားများသည် ညစ်ပတ်လွန်းသော အကြောင်းအရာများကိုသာ ထပ်တလည်းလည်းလုပ်ဆောင်လျက် မှန်ကန်မှုများပျောက်ဆုံးကုန်ပြီ။နောက်ထပ်အသက်ဆက်ရှင်ရန်ကျွန်တော့်တွင် အကြောင်းပြချက်မလုံလောက်တော့။ ကူကယ်မည့်လူမရှိ။ ဖေးမမည့်လူမရှိ။ သနားညှာတာမည့်လူမရှိ။ အသိစိတ်ဝင်သည့်အချိန်တည်းမှစ၍ မိဘမဲ့ဟူသော နာမ်စားတစ်လုံးသာ ပိုင်ဆိုင်ခဲ့သောကျွန်တော့်ကို ချောက်ထဲတွန်းချဖို့သာ တွေးနေကြသည့်လူများဝန်းရံနေသည့် ဤဘဝတွင် ကျွန်တော်ဟာ မည့်သည့်အင်အားဖြင့် ဆက်လက် ရှင်သန်ရမည်နည်း။ အသက်ဆယ့်ခြောက်နှစ်အရွယ်နှင့်မမျှ ခံစားခဲ့ရသော ဝေဒနါများကို ကျွန်တော်ဟာ တစ်ကြိမ်တစ်ခါမျှတောင် ဖွင့်ဟ ထုတ်ဖော်ခွင့်မရခဲ့ပေ။ ထို့အပြင် ဆူးတောထဲကိုသာ သွေးစိမ်းရှင်ရှင်ထွက်အောင် ကျော်ဖြတ်ခဲ့ရသောနေ့စွဲများ။ ဘာကြောင့်များအသက်ဆက်ရှင်ရတော့မလဲ...။
ဂေဟာကနေ တောတန်းတစ်လျှောက်ပြေးလာခဲ့တာဟာ ယခုဆို ဘယ်မြို့ကိုရောက်နေမှန်းတောင်မသိတော့ပေ။ တုန်လှိုက်နေသော ခန္ဓာကိုယ်ကို သယ်ဆောင်ရင်း ဤဘဝအား အဆုံးသတ်နိုင်မည့် နေရာကို ရှာဖွေမိသည်။ စောင်ဖြူကြီးတစ်ထည်ခြုံထားသလိုဖြူစွတ်နေသည့်ထင်းရှူးပင်များ၏ အလွန်တွင် ရေစီးသံခပ်သဲ့သဲ့ကိုကြားနေရသည်။ မြစ်လား။ မြစ်။
YOU ARE READING
𝐘𝐨𝐮𝐫 𝐋𝐢𝐟𝐞 𝐌𝐲 𝐋𝐢𝐟𝐞 𝐎𝐮𝐫 𝐋𝐢𝐟𝐞
Fanfictionမင်းရဲ့ဘဝ ကိုယ့်ရဲ့ဘဝ ကိုယ်တို့ရဲ့ဘဝ Started date _ 2021/06/21 Ended date _