ကျွန်တော့်ရဲ့အမေမှာ မျက်စိတစ်ဖက်ပဲရှိပါတယ်...
ကျွန်တော် သူမကိုမုန်းခဲ့မိတယ်..
သူမကို ရှက်စရာတစ်ခုလို့ထင်ခဲ့မိတယ်..
သူမက မိသားစုကိုထောက်ပံ့ဖို့အတွက် ကျောင်းမှာအချက်အပြုတ်တာဝန်ယူရတဲ့သူပါ..
ကျွန်တော်မူလတန်းတက်တဲ့အရွယ် ကျွန်တော့်ကိုမေမေကလာနှုတ်ဆက်တဲ့နေ့မှာ ကျွန်တော်အရမ်းရှက်ခဲ့တယ်။ မေမေ ကျွန်တော့်အပေါ် ဘာလို့အခုလိုလုပ်ရက်တာလဲဆိုပြီး သူမကိုလျစ်လျူရှု မုန်းတဲ့အကြည့်တွေနဲ့ကြည့်ပြီး ကျွန်တော်ပြေးထွက်ခဲ့တယ်။ နောက်တစ်နေ့ကျောင်းရောက်တော့ သူငယ်ချင်းတွေက..
"ဟားဟား မင်းအမေက မျက်စိတစ်ဖက်ပဲရှိတာလား" ဆိုပြီးလှောင်ခဲ့ကြတယ်။
ကျွန်တော့်ကိုကျွန်တော် မြေမြုပ်ပစ်လိုက်ချင်တဲ့အထိ ရှက်မိပြီး မေမေ့ကိုလည်းပျောက်ကွယ်သွားစေချင်မိပြီး ဒီလိုပြောခဲ့မိတယ်...
"အမေ ကျွန်တော့်ကိုအားလုံးကလှောင်အောင် လုပ်ခဲ့တာမဟုတ်ဘူးဆိုရင် ဘာလို့မသေလိုက်တာလဲ"
ကျွန်တော့်ရဲ့မေမေက ဘာမှပြန်မပြောခဲ့ပါဘူး..။
ကျွန်တော် ဒေါသထွက်နေတာကြောင့် ကျွန်တော်ပြောခဲ့တဲ့စကားကိုမှားတယ်လို့ မထင်ခဲ့ဘူး။ ကျွန်တော် မေ့မေ့ရဲ့ခံစားချက်တွေကို လျစ်လျူရှုခဲ့တယ်။ ကျွန်တော် အိမ်ကနေထွက်သွားချင်ပြီး မေမေနဲ့မပတ်သတ်ချင်တော့ဘူး။ မေမေရှိနေတာက ကျွန်တော့်အတွက်အရှက်ရစေတယ်။ အဲ့ဒါကြောင့် ကျွန်တော်စာကြိုးစားခဲ့ပြီး နောက်ဆုံးတော့ တခြားမြို့လေးတစ်မြို့မှာ အလုပ်ရခဲ့တယ်။
ကျွန်တော်အဲ့ဒီမြို့လေးမှာပဲ အိမ်ထောင်ကျခဲ့ပြီး သားသမီးတွေရတဲ့အထိ မေမေ့အကြောင်းတွေကို လုံးဝမေ့ထားခဲ့တယ်။ ဘာလို့လဲဆိုတော့ မေမေ့အကြောင်းတွေးမိရင် ကျွန်တော်အရမ်းစိတ်ညစ်ခဲ့ရတယ်လေ။
တစ်နေ့မှာတော့ အိမ်ရှေ့တံခါးမှာ ဆူညံပြီးကလေးတွေလန့်နေတာတွေ့ရတော့ မထင်မှတ်ထားပဲမေမေဖြစ်နေခဲ့တယ်။ ကျွန်တော်အရမ်းဒေါသထွက်သွားပြီး
"ခင်ဗျားက ဘယ်သူလဲ၊ ဘာလုပ်ဖို့လာတာလဲ၊ ဒီမှာခင်ဗျားကြောင့် ကလေးတွေလန့်သွားပြီ" ဆိုပြီးပြောလိုက်တော့ မေမေက ကျွန်တော်မတွေ့ချင်မှန်းသိသွားတော့
"တောင်းပန်ပါတယ်ကွယ်၊ အဒေါ်လိပ်စာလေးမှားသွားတယ်ထင်ပါရဲ့၊ ကလေးတွေလန့်အောင်လုပ်မိလို့ တကယ်တောင်းပန်ပါတယ်" လို့ပြောရင်း မေမေထွက်သွားခဲ့တယ်။
အဲ့လိုနဲ့တစ်ပတ်လောက်ကြာတော့ အရင်နေခဲ့ဖူးတဲ့ကျောင်းကနေ စာလေးတစ်စောင်ရောက်လာတယ်။ ကျောင်းသားဟောင်းတွေ့ဆုံပွဲတဲ့။ ကျွန်တော်အဲ့ပွဲလေးကိုသွားရင်း အပြန်မှာအချိန်ကလည်းပိုနေသေးတော့ မေမေနေတဲ့အိမ်လေးဆီကို ခြေလှမ်းလှည့်ခဲ့တယ်။ အဲ့လိုနဲ့အိမ်ရှေ့က ယိုင်နဲ့နဲ့တံခါးလေးကို တွန်းဖွင့်လိုက်တော့ ကြမ်းပြင်မှာစာရွက်တစ်စောင် ကိုင်ရင်းနဲ့လဲကျနေတဲ့မေမေ့ကိုတွေ့တော့ ကျွန်တော်ပြေးပွေ့ပြီးအသက်ရှူသံကို နားထောင်ကြည့်တော့ တိတ်ဆိတ်နေခဲ့တယ်။ ဟုတ်ပါတယ် မေမေအသက်မရှိတော့ပါဘူး။ မေမေ့ကိုအရမ်းမုန်းတဲ့ ကျွန်တော့်ကိုမေမေစွန့်ခွာသွားပါပြီ။ မေမေကိုင်ထားထဲ့စာကိုဖြန့်ကြည့်လိုက်တော့
"သားလေး မေမေလူ့လောကထဲနေဖို့က လုံလောက်ပြီထင်တယ်။ မေမေ သားတို့မိသားစုလေးကို ထပ်မနှောက်ယှက်တော့ပါဘူး။ မေမေသားကိုအရမ်းလွမ်းလွန်းလို့ သားအဆင်ပြေပါ့မလားဆိုပြီး လာတွေ့မိတာပါ။ သားရဲ့ကလေးတွေလန့်အောင်လုပ်မိလို့လည်း ကိုယ့်ကိုကိုယ်အပြစ်တင်နေမိတယ်။ သားတို့ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိတယ်ကြားတော့ သားလာမလားဆိုပြီးမေမေမျှော်နေပေမယ့် ဒီစာလေးတော့ပြီးအောင်ရေးနိုင်မှာပါ။ မေမေက မျက်စိတစ်ဖက်ပဲရှိတာကြောင့် သားကိုစိတ်ပျက်စေမိလို့လည်း တောင်းပန်ပါတယ်။ သားသိလား သားငယ်ငယ်လေးတုန်းက အက်စီးဒန့်တစ်ခုကြောင့် သားရဲ့မျက်လုံးလေးတစ်ဖက် ဆုံးရှုံးခဲ့ရတယ်။ သားဘဝတစ်လျှောက်လုံး မျက်စိတစ်ဖက်တည်းနဲ့ ရှေ့ဆက်နေရမှာမေမေမကြည့်ရက်လို့ မေမေ့ရဲ့မျက်စိတစ်ဖက် သားကိုပေးဖို့ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီမျက်စိလေးနဲ့ သားပျော်ရွှင်နေရတာတွေ့တော့ မေမေလေ အရမ်းပျော်တာပဲ။ သားမေမေ့ကိုအပြစ်တင်တာတွေလည်း စိတ်မဆိုးပါဘူး။ မေမေ သားကိုအရမ်းလွမ်းတာပဲ။ သားကိုမေမေအရမ်းချစ်တယ်။ သားကမေမေ့အတွက် ကမ္ဘာငယ်လေးပါပဲ" တဲ့....။