Part 2

507 19 1
                                    

Chapter 2

“ဟိတ်”

အနောက်ကနေ ပုခုံးကို လှမ်းပုတ်လိုက်တာကြောင့် သူလှည့်ကြည့်လိုက်သည်။

ဟိုနေ့က တွေ့ခဲ့သည့်ကောင်မလေး။

ချစ်ဖို့တော့ကောင်းပေမဲ့ ဒီနေ့ ဘာဇာတ်လမ်းမှမရှိဘဲ တဗွေတည်းပဲ လိမ့်ချင်နေတာမို့ ဘာမှပြန်မပြောဘဲ မျက်ခုံးပင့်ပြလိုက်သည်။

ပြီး‌တော့ စီးကရက်တစ်လိပ်ထုတ်လိုက်ပြီး နှုတ်ခမ်းတွင် တပ်ကာ မီးညှိဖို့ပြင်ရင်း ဘာလဲဟု မေးဆတ်ပြလိုက်သည်။

သူ့ပုံစံကြောင့်မို့ထင်သည်။ ပြုံးနေသည့်ကောင်မလေးမျက်နှာ ပျက်သွားသည်။

“မမှတ်မိဘူးထင်တယ် တို့နာမည် မြတ်နိုးလေ။ အရင်နေ့က”

“မှတ်မိပါတယ်။ အရင်နေ့ကမှ တွေ့ထားတဲ့သူကို မေ့သွားလောက်တဲ့အထိတော့ ကျနော့မှတ်ဉာဏ် မပျက်စီးသေးပါဘူး။ ဘာကိစ္စရှိလို့လဲ”

“မရှိပါဘူး။ လှမ်းတွေ့လိုက်လို့ နှုတ်ဆက်တာပါ”

“အိုကေ ဒါဆို နှုတ်ဆက်ပြီးပြီမို့လား၊ သွားပြီ”

ပြောပြီး ထွက်သွားသည့် သူ့ပုံစံကြောင့် မြတ်နိုး အံကြိတ်မိရင်း ကျန်ခဲ့သည်။

သူထွက်သွားတော့ မြတ်နိုးသူငယ်ချင်း၂ယောက်ရောက်လာပြီး မြတ်နိုးပုံစံကို ကြည့်ကာ သက်ပြင်းချမိတော့သည်။

“ငါတို့ပြောသားပဲ၊ အဲ့ကောင်က အဲ့လိုကောင်လို့၊ မိန်းကလေး‌တွေကို သူပျင်းတုန်း ဆော့စရာတစ်ခုအနေနဲ့ပဲ သဘောထားတာ၊ သူမလိုအပ်ရင် လူကြားထဲ ပစ်ချထားဖို့လဲ ၀န်မလေးဘူး”

“တောက်”

မြတ်နိုးအတွက်က တောက်ခေါက်မိရုံကလွဲလို့ ဘာမှမလုပ်နိုင်။

ဒါပေမဲ့ ထိုယောင်္ကျားကို သူမ စွဲလန်းပါသည်။ ထိုယောင်္ကျားရဲ့ အချစ်ကိုပဲ ပိုင်ဆိုင်ချင်မိတော့သည်။

နောက်က ကောင်မလေးကို ချန်ထားခဲ့ပြီး သုတအိမ်ကို သွားဖို့ ပြင်လိုက်သည်။

အဲ့ကောင် အိမ်မှာပဲ ရှိမှာပါပဲ။ ဥစ္စာပေါ ရုပ်ချော သဘောကောင်းပြီး စာတော်လိမ္မာသည့် သုတဆိုတာ သူနဲ့က အဖြူနဲ့ အနက်လို ဆန့်ကျင်ဘက်။ ဒါပေမဲ့ အဖြူနဲ့ အနက်လိုပဲ တွဲဖက်ညီလွန်းလှသည်။

ပလက်ဖောင်းပေါ် အေးဆေးလျှောက်လာရင်း ကားငှားဖို့ စိတ်ကူးမိတာကြောင့် လမ်းဘက်ကို လှမ်းကြည့်တော့ Taxiတစ်စီးလာနေတာမို့ သူလှမ်းတာလိုက်သည်။

ကားက သူ့ရှေ့မလှမ်းမကမ်းမှာ ရပ်ပေးတာမို့ သူ ကားဆီသွားလိုက်စဉ်မှာပဲ သူ့နားမှာ လေတချက်ဖြတ်တိုက်သွားသလို အရှိန်တခုဖြတ်သွားပြီး ကားဆီရောက်သွားသည်။

ပြီးတော့ ထိုအရာက ကားတံခါးလက်ကိုင်ကို ဖွင့်ရင်းက သူ့ဆီကို တချက်လှမ်းကြည့်ပြီး “Sorryနော် အရမ်းအရေးကြီးနေလို့”ဆိုပြီး ကားပေါ်တက် ထွက်သွားသည်။

သူ့မှာ ဘာစကားမှ ပြန်မပြောလိုက်နိုင်။ သူသိတာ တခုတော့ရှိသည်။

သူ့ဆီက ကားလုစီးသွားတဲ့သူက အရမ်းလှတဲ့ကောင်မလေးတစ်ယောက်ဆိုတာပဲဖြစ်သည်။

ဖျတ်ကနဲတွေ့လိုက်ရတာကိုပင် တော်တော်လှသည်။

ကားတံခါးကို ဆွဲဖွင့်ပြီး တက်လိုက်စဉ် ဝဲလွင့်သွားသည့် ဆံနွယ်နက်မှောင်မှောင်လေးတွေရယ်၊ သူ့ကို လှမ်းကြည့်ပြီး sorryလို့ပြောလိုက်သည့် နှုတ်ခမ်းလေးရယ်၊ အကုန်လုံးခြုံပြောရရင်တော့ မျက်စိထဲကို အေးသွားစေသည့် အလှလေးလို့ပဲ ပြောရမည်ဖြစ်သည်။

တွေ့လိုက်ရသည့် မျက်နှာလေးက ကာလာတွေမပါဘဲ ရိုးရိုးရှင်းရှင်းလေး လှနေသည်။

အခုမှတွေ့မိသည့် ကောင်မလေးတစ်ယောက်အကြောင်းကို ဒီလောက်ထိ တွေးမိသွားသည့် ကိုယ့်ကိုယ်ပင် ရီချင်သွားသည်။ သူ ဒီနေ့တော်တော်ပျင်းနေပြီဖြစ်မည်။


မတူညီသော ဆုံမှတ်များWhere stories live. Discover now