အပိုင်း (၂၆)

1.6K 186 0
                                    

အပိုင်း (၂၆)

ညအချိန်၌…

ဟွားကျူ့ယွီ အခန်းထဲကပြတင်းပေါက်ကိုတွန်းဖွင့်ပြီး ကြည့်လိုက်တယ်။ ခြံဝင်းထဲက ပန်းပင်ကြီးတစ်ပင်မှာ ပန်းတွေမရေမတွက်နိုင်အောင် ဖူးပွင့်နေကြပြီ။ လရောင်ဖြာဖြာလေးအောက်မှာ ထိုပန်းတွေက မြူခိုးတိမ်လွှာလေးတွေနဲ့ တူလှ၏။ ပြတင်းပေါက်ကနေ အခန်းအတွင်းသို့ မွှေးရနံ့လေးတွေ လွင့်မျောလာခဲ့တယ်။

နေ့ခင်းတုန်းက မေနပြောခဲ့တဲ့စကားလုံးတွေက သူမကို မခံမရပ်နိုင်အောင်ဖြစ်စေခဲ့ပြီး အမုန်းပွားစေခဲ့တယ်။ သူမ ရှောင်ယင့်ကိုယ်လုပ်တော်တွေရဲ့ ယှဉ်ပြိုင်ပွဲဂယက်ထဲ ကျရောက်သွားခဲ့တယ်။ တကယ်လို့ ဒီလိုကောလဟာလမျိုး ပျံ့နှံ့နေရင်းနဲ့ သူမ ထိုက်ဇီနန်းဆောင်မှာပဲ ဆက်နေရမယ်ဆိုရင် သူ့ရဲ့ကိုယ်လုပ်တော်တွေက ရှောင်ယင့်၏အချစ်ကို ရယူဖို့ကြိုးစားရာမှာ သူမကိုအဟန့်အတားတစ်ခုအဖြစ် ထင်မြင်လာကြလောက်တယ်။ အနာဂတ်မှာ ပြဿနာတွေပိုရှုပ်လာမှာ သေချာပေါက်ပဲ။

ရှောင်ယင်က မုန်းဖို့ကောင်းတယ်ဆိုရင်တောင်မှပဲ သူက ပွင့်လင်းတဲ့လူတစ်ယောက်ဖြစ်နေတုန်းပဲ။ သူက အမြဲတမ်း သူမကို ဗြောင်ကျကျပဲ ညှဉ်းပန်းနှိပ်စက်တယ်လေ။ သို့သော် အချစ်အတွက်ယှဉ်ပြိုင်ကြတဲ့ ကိုယ်လုပ်တော်တွေရဲ့ တိုက်ပွဲကတော့ ဗြောင်ကျကျတိုက်ပွဲတစ်ပွဲမဟုတ်ဘဲ ဆိတ်ကွယ်ကနေချောင်းတိုက်ကြတဲ့သဘောပဲ။ သူမရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် ထိုချောင်းတိုက်မှုတွေရဲ့ဒဏ်ကို မကာကွယ်နိုင်လောက်ဘူး။

ထိုအကြောင်းတွေကိုတွေးတောရင်း သူမရဲ့နှလုံးသားလေးဟာ သိပ်သည်းလေးလံလို့လာတုန်း ရုတ်တရက် ရှောင်ယင်၏ကိုယ်ရံတော်လျှိုဖုန်း သူမကို လာခေါ်ခဲ့တယ်။ ညဉ့်က အတော်လည်းနက်နေပြီ၊ သူမ ရှောင်ယင်အတွက် အိပ်ရာလည်း ပြင်ဆင်ပေးပြီးသားပါ၊ သူ ဘာလို့လာခေါ်တာမှန်း သူမ မသိတော့ဘူး။

ခဏလေးအတွင်းမှာပဲ သူမ ရှောင်ယင်၏ချင်အိမ်တော် ရောက်ရှိလာခဲ့တယ်။ အိမ်တော်ကမီးအိမ်တွေကို ထွန်းညှိထားဆဲပဲ။ ရှောင်ယင်တစ်ယောက်ကတော့ ထိုင်ခုံတစ်လုံးပေါ်မှာထိုင်ကာ စာအုပ်တစ်အုပ်ရဲ့စာမျက်နှာများကို လေးတိလေးကန်လှန်လို့နေသည်။ သူ့ရဲ့မျက်လုံးတစ်စုံဟာ အောက်သို့ငိုက်စိုက်နေပြီး အတော်လေး စိတ်ဝင်စားနေတဲ့ပုံပေါ်နေတယ်။ သူ့ရဲ့နှာတံဖြောင့်ဖြောင့်လေးပေါ်မှာ နွေးထွေးတဲ့အဝါရောင်မီးရောင်လေး တောက်ပလျက် သိပ်သည်းလေးလံတဲ့မျက်တောင်တွေအပေါ် ညင်သာစွာဖြတ်ကျော်သွားပြီး နှုတ်ခမ်းသားလေးတွေပေါ်မှာ ရောင်စဉ်ဖြာကျလျက်ရှိသည်။ အလင်းရောင်အောက်မှာ သူ့ရဲ့အေးစက်တဲ့ပုံစံလေး ပျောက်ကွယ်သွားပုံပဲ၊ နောက်ပြီး သူ အတော်လေးအားယားနေဟန်တူ၏။

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးWhere stories live. Discover now