ကမ္ဘာကိုဘယ်ဂြိုလ်ကမှ ၀င်မဆောင့်ခဲ့ပေမယ့် အချစ်ဦးဆိုတဲ့အမည်နာမလေးနဲ့ပခုံးချင်းတိုက်မိခဲ့ရုံနဲ့ ငယ်ဘ၀နှစ်တော်တော်များများရဲ့လိပ်ပြာတွေဟာ တစ်ပါးအရပ်တွေအတွက်ရည်ညွှန်းခွင့်တောင်မရခဲ့ဘဲ ပျက်သုဉ်းသွားပေးခဲ့ရတယ်
အခုလောက်လေးအစပြုရေးနိုင်ဖို့အတွက်တောင် အများကြီးရုန်းကန်ခဲ့ရတာ ဘယ်လိုမျိုးလဲဆိုတော့ ငါတို့နှစ်ယောက်ကြားက မိုင်တိုင်တွေရဲ့အကွာအဝေးကို နဂါးငွေ့တန်းရဲ့အလင်းနှစ်နဲ့မြှောက်လိုက်သလောက် ငါတို့စိတ်တွေတကယ်ဝေးသွားကြဖို့ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် မသိတဲ့မိန်းမတွေနဲ့ ဒိတ်ခဲ့ရ အိပ်ခဲ့ရတာ
အဲ့ဒါကြောင့် နှုတ်ခမ်းတွေပေါင်းဖက်ခွင့်ရတိုင်း အချစ်မဟုတ်ဘူးလို့ ငါကပြောရင် ယုံကြစမ်းပါကွယ်စီးကရက်တစ်လိပ်ကို အ၀တ်မပါတဲ့ဇာတ်လမ်းတစ်ခုအပြီးမှာ ဖွာမယ်၊ နောက်တစ်နေ့တွေ့မယ်မသေချာတဲ့အတွက် အညင်သာအကြင်နာဆုံးအနမ်းကို နှဖူးပေါ်ခြွေခဲ့မယ်၊ မိုးမလင်းခင် မနက်စာအတူမစားနိုင်ခင် ငါအဲ့ဒိနေရာကနေပြန်မယ်ဆိုတာ ငါ့ Signature ဆိုပေမယ့် အစ်မနဲ့မှ အဲ့ဒါကိုငါဖောက်ဖျက်မိတယ်
အစ်မက ကွဲပြားတယ်
"မသွားခင် နှိုးသွားနော်" ဆိုပြီးကြိုမှာထားခဲ့တဲ့အတွက် မနှိုးရက်လို့ မနက်နေထွက်တဲ့အထိအတူတူရှိနေပေးခဲ့ရပြီး "မနက်စာကို ကော်ဖီတစ်ခွက်လောက်တိုက်ချင်တယ် ရမလား" ဆိုပြီး Take Away ကော်ဖီတစ်ခွက်၀ယ်တိုက်ခဲ့တဲ့လူစားမျိုး၊
နောက်တစ်နည်းပြောရရင် ဖြေးဖြေးညင်ညင်သာသာနဲ့ ငါ့စည်းတွေကိုကျော်ဖြတ်လာတတ်ပြီး လိုက်လျောညီထွေမှုအကြောင်းအလွန်နှောကြေနေတဲ့ အမျိုးသမီး။
ကားပါကင်မှာ ငါ့နားသယ်စပ်ကို ငုံ့နမ်းသွားတာက နောက်တစ်ခေါက်ထပ်တွေ့ဖို့သူဆန္ဒရှိကြောင်း ဆိုလိုတာမျိုးဖြစ်ပြီးတော့ ငါကပြုံးရယ်ရင်းအဲ့ဒိအနမ်းကိုခံယူခဲ့တာက သူ့ဆန္ဒကိုလက်ခံတယ်လို့ ဆိုလိုကြောင်း ငါတို့နှုတ်တွေကနေဖွင့်ပြောစရာမလိုအပ်ခဲ့ဘူးမလိုအပ်တဲ့မီးရောင်ဖျော့ဖျော့နဲ့ညစာတွေမစားချင်ဘဲ ညတစ်ညကိုသာအတူတူစားသုံးချင်တာ .... အစ်မရော ငါရော အဲ့ဒိဖက်မှာ ပရော်ဖက်ရှင်နယ်ဆန်တယ်
အစ်မမှာ အမျိုးသားမရှိတာမဆန်းပေမယ့်
ငါ့မှာ ရည်းစားလေးတစ်ယောက်တောင်မရှိတာဆန်းတယ် တဲ့
"အဲ့ဒိအကြောင်းမပြောချင်ဘူး အစ်မ" လို့ ငါဆိုတော့ အစ်မက အနားပိုတိုးပြီး "မဆိုးနဲ့တော့" လို့ပြောရင်း ရင်ဘတ်အောက်ကနှလုံးသားနေရာကို သူ့လက်တွေနဲ့ဖိထားပေးတယ်
ပန်းချီကားတွေကို အစ်မဗိုက်သားပေါ်မှာ စိတ်ကူးနဲ့ဆွဲပြနေရင်း အစ်မကမဆီမဆိုင်ငါ့လက်မောင်းအောက်က (Always) တက်တူးအကြောင်းမေးတော့ ငါ့ရဲ့နှုတ်ဆိတ်မှုကြောင့် "After all this time?" ပေါ့လို့ သူ့ဟာသူရေရွတ်တယ်
ရုတ်တရတ် ငါ့မေးစေ့ကိုဆွဲယူပြီး သူ့လက်ချောင်းတစ်ချောင်းကို ငါ့နှုတ်ခမ်းကနေဖြတ်လို့ လျှာပေါ်ကနေအာခံတွင်းထဲအထိ ထိုးထည့်ပြီး ရှည်လျားကြမ်းတမ်းတဲ့ညတစ်ညကို ငါ့ဆီမှာထားခဲ့တယ်
ငါတစ်ယောက်တည်းနိုးလာရမယ့်နံနက်ခင်းအတွက်တော့ "စက်ဝိုင်းပေါ်မှာပြေးနေတာကို ရပ်သင့်ပြီ" ဆိုတဲ့ Note စာရွက်လေးတစ်ရွက်ကို ထားခဲ့လေရဲ့
အဲ့ဒိနေ့က ငါ့အနားမှာလွင့်နေတဲ့စီးကရက်ငွေ့တွေကတောင် ငါ့ထက်အသက်ရှိနေသယောင်ထင်ရတယ်