(unicode)
စံအိမ်ကြီး နေမကောင်းပါ။ ဘုရင်ကြီးသည် မင်းသားလေးအား အမျက်တော်ရှလို့နှင့်ပြီ။"ကိုယ် ဘယ်လို အပြစ်ပေးရမလဲ သွေး" တဲ့။
အရှေ့က စကားလုံးတွေသည် အေးစက်သလောက် အဆုံးသတ်ရှိ သွေးဟု ခေါ်သံလေးက သူ့ရင်ကို နွေးစေ၏။ မှင်တက်မိတာကြောင့် တစ်စက္ကန့်လေး ခေါင်းမော့ကြည့်မိ၍ ချက်ချင်း ပြန်ငုံ့လိုက်ရသည်။ လက်သီးတွေကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်လို့။ ခဝါချထားသော မျက်နှာငယ်သည် အချိန်အတိုင်းအတာတစ်ခုအထိ ပြန်မော့မလာ။ အသက်ရှူသွင်းဖို့ အသုံးပြုရသည့် ရင်ဝမ်းခြားကြွက်သားနှင့် ပြင်ပနံ့ရိုးကြားကြွက်သားတို့မှလွဲ၍ ကျန်သည့်ကြွက်သားများသည် တုတ်တုတ်မလှုပ်ဘဲ ငြိမ်ကုပ်ကုန်ကြသည်မှာ သက်ရှိကျောက်ရုပ်ကလေးနှယ်။
အမေးအား ဖြေစရာ စကားမရှိ၍ ဆိတ်ငြိမ်နေရသော သူ့ကို Min က စိတ်ရှည်လက်ရှည် ရှု၏။ နယ်ချဲ့ဆန်သော အကြည့်တွေသည် နဖူးမို့မို့ပေါ် ဝဲကျနေသည့် သူ့ဆံသားတွေက အစချီလို့ နှုတ်ခမ်းထောင့်က အမျှင်နုနုကလေးတွေမှာ အဆုံးသတ်သည်။ ရလဒ်အနေနှင့် သူ့မျက်တောင်တွေ တဖျပ်ဖျပ် ခတ်ကုန်ရပြီ။ သူ့ ပါးပြင်တွေ တလက်လက် ရဲကုန်ရပြီ။
Blood... နီသည်။ ရဲသည်။ အရိုင်းဆန်သည်။
သွေး... နီသည်။ ရဲသည်။ သိမ်မွေ့သည်။ခေါင်းငုံ့လျက်ပင် သူသည် မြက်ခင်းပေါ်လဲနေသည့် ယံ့ကို တစ်ချက်ကြည့်၏။ ယံသည် ဤနေရာတွင် တတိယလူဖြစ်သည်။ လူပိုတစ်ယောက်အရှေ့တွင် သူ့ရဲ့ သွေးအသွင်ကို မပြလိုပါ။ အများအမြင်တွင် သူသည် Blood မဟုတ်လား။ သွေးဆိုသည်မှာ Min တစ်ယောက်တည်းအတွက်ပဲလေ။
ထို့ကြောင့် သူသည် Min အား ခွင့်တောင်းသည့် အကြည့်မျိုးဖြင့် ရို့ရို့ကျိုးကျိုးကြည့်၏။ အချိန်ဆယ်စက္ကန့်လောက်ပေးပါဆိုသည့် သဘော။ Min က အသာတကြည် ခေါင်းညိတ်လိုက်သည်နှင့် ခပ်လှမ်းလှမ်းတွင် ရပ်နေသော သူ့တပည့်နှစ်ဦးအား မျက်လုံးဖြင့် အမိန့်ပေးသည်။
ယံ့ကို သယ်သွား။ ပြီးရင် မင်းတို့အကုန် ထွက်သွား။
ခုနက Min ကိုခွင့်တောင်းနေသည့် မျက်လုံးတွေနှင့် တပည့်နှစ်ယောက်ကို အမိန့်ပေးလိုက်သော မျက်လုံးတွေသည် ပိုင်ရှင်တစ်ဦးတည်းကမှ ဟုတ်ရဲ့လားဟု အမေးထုတ်ရတဲ့အထိ မိုးနှင့်မြေလို ကွာခြားလွန်းသည်။
YOU ARE READING
Blood of MIN
Acción"A Submissive is so often a strong person looking for someone stronger. He is not weak. He just enjoys it." -Anonymous ❗️This story is written in Myanmar❗️