Part 5

302 13 3
                                    

အတန်းချိန်တချိန်ပြီးသွားတာမို့ ဝေလဲ စာအုပ်တွေ သိမ်းရင်း အပြင်သွားရမလား၊ အခန်းထဲပဲ ထိုင်နေရမလားဆိုတာ တွေးနေမိသည်။

“ဟဲ့ ဝေ”

ဘေးနားက သူငယ်ချင်းက ပုခုံးကို လာပုတ်တာမို့ လှည့်ကြည့်လိုက်သည်။

“အင်း နွယ် ပြောလေ”

“ကန်တင်းသွားမယ် ဗိုက်ဆာတယ်”

“အဲ့လောက်အချိန်ရပါ့မလား ၊နောက်တချိန်စမှာနဲ့”

“မမှီရင် လစ်မယ်လေဟာ ၊ လုပ်ပါ ငါ ဗိုက်အရမ်းဆာနေပြီ”

“ဟုတ်ပါပြီ ဒေါ်နွယ်ရယ်၊ သွားကြမယ် လာ"

“ဟိုမှာ ဟန်သာပဲ၊ ငါတို့အခန်းထဲက ဘယ်သူ့ကို မျက်စိကျနေပြန်ပြီလဲမသိဘူး” နောက်ခုံက မိန်းကလေးရဲ့ စကားကြောင့် ဝေလှည့်ကြည့်မိသွားသည်။

အခန်းပေါက်၀မှာ သူပဲ။
ဝေလှည့်ကြည့်တာကို မြင်သွားတဲ့သူက လက်လှမ်းပြတော့ ခနက ကောင်မလေးတွေက ဝေ့ကို ပြန်ကြည့်သည်။
ပြီးတော့ သနားစရာဆိုသည့် အကြည့်နဲ့ ကြည့်သွားကြသည်။

နွယ်ကတော့ “ဝေ ဟန်သာက နင့်ဆီလာတာလား? နင်တို့ ဘယ်လိုလုပ်ပြီး သိသွားကြတာလဲ? သတိတော့ထားနော်”

“သတိထားရမယ် ဘာလို့လဲ?”

“နင် သူ့အကြောင်းမသိဘူးလား”

“အင်း”

စကားပြောနေရင်း ဖုန်းကမြည်လာတာကြောင့် ဝေကြည့်လိုက်တော့ မသိတဲ့နံပါတ်။

ဝေ ဖုန်းကို ကိုင်လိုက်တော့
“ဝေ ဘာလုပ်နေတာလဲ ၊ ကျနော်စောင့်နေတာ မြင်ရဲ့သားနဲ့”

“ဟန်သာ?”ဝေ့ စကားကြောင့် နွယ်က မျက်လုံးပြူးပြီး လှမ်းကြည့်သည်။

ပြီးတော့ အသံတိုးတိုးဖြင့် “ဖုန်းနံပါတ်တောင် သိနေကြပြီလား”

ဝေလဲ နှုတ်ခမ်းပေါ် လက်ညှိုးတင်လိုက်ပြီး “ရှူး တိုးတိုး”လို့ ပြောပြီး ဟန်သာ့ကို လှည့်ကြည့်လိုက်သည်။

ဖုန်းကို ထောင်ပြရင်း ရီနေသော သူ။ ဝေ ‌ငေးကနဲဖြစ်မိသွားပြန်သည်။

သူ ပြုံးရင် ရီရင် အရမ်းသဘောကျဖို့ကောင်းသည်။

မျက်လုံးလေးတွေက အကုန်မှေးစင်းသွားပြီး သွားဖြူဖြူလေးတွေပေါ်လာပုံက တဆိတ်တော့ အပြစ်ကင်းစင်လွန်းသည့် ကလေးလေးနဲ့ တူလွန်းလှသည်။

ဝေလဲ ပြန်ပြုံးပြရင်း “နွယ် လာ ၊ သွားမယ်လေ”

“ငါရောလား”

“ဘာကို ငါရောလားလဲ၊ နင်ပဲ ခနက ဗိုက်အရမ်းဆာနေပါပြီဆို”

“ဟုတ်တော့ ဟုတ်ပေမဲ့ ဟန်သာရောက်လာတော့......”

“ဘာဖြစ်လဲ ၊ ငါက နဂိုကတည်းက နင်နဲ့သွားမှာ၊ သူအဆင်ပြေရင် လိုက်ခဲ့၊ မပြေရင်မလိုက်နဲ့ပေါ့”

ဝေလဲ ပြောပြီး နွယ့်လက်ကို ဆွဲပြီး သူ့ဆီ သွားလိုက်သည်။

“ဘယ်လာတာလဲ?”

“အင်းးးး ဒီလိုပါပဲ ပျင်းလို့လျှောက်သွားရင်း ဝေတို့ဌာနဘက်ရောက်လာလို့ ဝေနဲ့များတွေ့မလားလို့ လာကြည့်လိုက်တာ တကယ်တွေ့ရတာပဲ”

“ဝေတို့က မုန့်သွားစားမလို့”

“အင်းး သွားလေ”

“ဟန်သာရော??”

“ကျနော်လား? ကျနော်က မလိုက်တော့ပါဘူး ၊ သွားတော့မယ်”ပြောပြီးပြီးချင်း လှည့်ထွက်သွားသောသူ့ကို ဝေအံ့ဩစွာ ငေးကြည့်ကျန်ခဲ့ပြန်သည်။

ဘယ်လိုလူကများ နှောင်တွယ်မှုမရှိ နောက်ကို တချက်လှည့်မကြည့်ဘဲ ယတိပြတ်ချန်ထားခဲ့နိုင်တာပါလိမ့်။

ထွက်သွားသည့်သူ့ကို လှည့်ကြည့်ပြီး နွယ့်ဆီက မေးခွန်းများစွာ တရစပ်ထွက်လာတော့သည်။

“ဟဲ့ နင်နဲ့ ဘယ်လိုသိတာလဲ? ဘယ်တုန်းက သိတာလဲ? နင် သူ့အကြောင်း တကယ်မသိဘူးလား? သတိထားပြီး ဆက်ဆံရမှာနော် သူ့ကို”

“အေးပါဟယ် လာ ကန်တင်းသွားမယ် ၊ သွားရင်းနဲ့ပြောပြမယ်”

နွယ့်ကို သူနဲ့စတွေ့တဲ့အကြောင်းကို ပြောပြမိတော့ နွယ်ကရယ်သည်။ တခြားသူသာဆို ဒါဟာ ဖူးစာပဲလို့ ပြောချင်ပေမဲ့ ဟန်သာဦးဖြစ်နေတဲ့အတွက် ဖူးစာမဟုတ်တော့ဘူးတဲ့လေ။

နွယ့်စကားကြောင့် ထူးဆန်းသလို ဖြစ်သွားသည့် ဝေ့ကို ကန်တင်းရောက်တော့ မုန့်မှာရင်း နွယ်က သူ့အကြောင်းတွေ ပြောပြသည်။

“ဟန်သာဦးဆိုတာ playboyပဲ၊ ရည်းစားမထားဘဲ ကောင်မလေးတွေ အများကြီးရှိတဲ့သူ”

“ဟင် ဘယ်လို?”

“နားရှုပ်သွားတယ်မလား? အေး ဒါပေမဲ့ အဲ့တာ အမှန်တရားပဲ ၊ အခုချိန်ထိ သူ့မှာ ရည်းစားရှိတယ်ဆိုတာ တခါမှ မကြားဖူးသေးပေမဲ့ သူ့အနားမှာ ကောင်မလေးတွေကတော့ တယောက်မဟုတ် တယောက်ရှိတယ်၊ သူ့ဆီက တရား၀င်တွဲခွင့်ကို ဘယ်တော့ရမလဲဆိုပြီး စောင့်နေကြတဲ့သူတွေပေါ့၊ ဒါပေမဲ့ အဲ့ကောင်က တယောက်ကို ဘယ်တော့မှအကြာကြီး မတွဲဘူး ၊ သူ စိတ်ပါသလောက် ဘေးနားထားပြီး စိတ်မပါတဲ့အချိန် လုံး၀လွှတ်ချပစ်လိုက်တတ်တာမျိုး ၊ အဲ့တာကြောင့် ပြောတာ နင်သူ့ကို လုံး၀မကြွေမိစေနဲ့”

သူက အဲ့လို လူမျိုးတဲ့လေ။တိတိကျကျပြောရရင် ဝေ အရမ်းမုန်းတဲ့ လူစားမျိုး။ ခံစားချက်တွေကို ဆော့ကစားတတ်တဲ့သူမျိုး။ သူက အဲ့လိုလူမျိုးတဲ့လား။

ဝေ့ကို ကြည့်တဲ့အကြည့်တွေ၊ ဝေ့ကို ဆက်ဆံတဲ့ပုံစံတွေ၊ ဝေ့ကို ပြုံးပြတဲ့ အပြုံးတွေက ဝေ့အတွက်ပဲ မဟုတ်ဘဲ အားလုံးက ညီတူမျှတူရနေကြတဲ့ အရာတွေပါပဲလား။

မကြွေမိစေနဲ့တဲ့လား။ ကြွေနှင့်ပြီးသားသူတစ်ယောက်အတွက် အဲ့သတိပေးချက်က အရာထင်‌ပါဦးမလား။

ဝေ နွယ့်ကို ပြုံးပြလိုက်သည်။ ဝေ့အပြုံးမှာ တခုခုကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်တချို့ပါ၀င်သွားသည်။

ဘာကို ဆုံးရှုံးလိုက်ရတယ်ဆိုတာ ဝေသေချာမသိပေမဲ့ တခုခုကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကတော့ အသေအချာပဲ ဖြစ်သည်။

“ဟဲ့ နွေ ပြောတာ ကြားလား?”
“အေးပါဟာ မကြွေပါဘူး ၊ မကြွေဘူး ဟုတ်ပြီလား”

မတူညီသော ဆုံမှတ်များWhere stories live. Discover now