Unicode
အဆက်မပြတ်ဝင်နေသည့်ဖုန်းက ဝေလင်းရှိန် ဆက်နေတာ ၂၁ခါမြောက်။ အင်းလျားလမ်းဘက်ဦးတည်မောင်းနှင့်လိုက်ပြီး သာမန်အရှိန်ထက်ပိုမြှင့်လိုက်သည်က တစ်ခါမှ မမောင်းဖူးသည့်နှုန်းနှင့်ဖြစ်သည်။ ဒန်နီယယ်နှင့်သူရိန်ဖုန်းကိုတလှည့်ဆီဆက်နေပေမယ့်ကိုင်သူမဲ့နေ၏ တရိပ်ရိပ်တက်လာသည့်စိုးရိမ်မှုများက steering ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ စိတ်ပူနေမှာစိုးတာကြောင့်အဖေ့ကိုတော့ ဘာမှ မပြောခဲ့။
မင်းမာန်ကိုလွှတ်ထားပြီးဖြစ်ပေမယ့် ထိုင်စောင့်နေလျှင်ဘာမှ အကျိုးမထူးတာကြောင့် ဝေလင်းရှိန်ကားသော့ဆွဲထွက်ခဲ့ခြင်းဖြစ်သည်။ ညဘက်ဖြစ်ပေမယ့် ရန်ကုန်မြို့လမ်းကတော့ထုံးစံအတိုင်း ကားတစ်ချို့နှင့်ရှုပ်ရှက်ခတ်နေဆဲ။ ဝင်လာသည့်ဖုန်း ကြောင့် ကားကိုလမ်းဘေးဆွဲချပြီး ဖုန်းကိုင်လိုက်သည်။
"ပြော မင်းမာန်"
"Accident က သူရိန်တို့မဟုတ်ပါဘူးဆရာ...ကျွန်တော်အခု အင်းလျားလမ်းပတ်နေပါတယ် တွေ့တာနဲ့ဆရာ့ဆီ location ပို့လိုက်ပါ့မယ်။ ကားကိုဂရုတစိုက်မောင်းပါ ဆရာ"
လေပူတချက်မှုတ်ထုတ်ပြီး ဝေလင်းရှိန်ဖုန်းချလိုက်သည်။ အနည်းငယ်သက်သာသွားသည့်ပူပန်မှုကြောင့် စိတ်လျော့ချပြီး နောက်ကားတစ်ချက်ကြည့်၍ ခပ်မှန်မှန်မောင်းထွက်လိုက်သည်။ ခနအကြာ ဝင်လာသည့် location က မင်းမာန်ပို့လိုက်ခြင်းဖြစ်သည်။ မင်းမာန်ဟူသည် ဝေလင်းရှိန်ယုံကြည်ရသူ။ ကျန်းမာရေးမကောင်းသည့်မိခင်၏ ဆေးရုံစရိတ်ကို တာဝန်ယူပေးထားတာကြောင့် မင်းမာန်က ဝေလင်းရှိန်အတွက် အချိန်တိုင်းအဆင်သင့်ဖြစ်နေခဲ့သည်။ ဝေလင်းရှိန်ကိုကျေးဇူးရှင်ဟုသတ်မှတ်ထားတာကြောင့် မင်းမာန်ကသစ္စာရှိလူယုံတစ်ယောက်ဖြစ်ပေးခဲ့သည်။
.
.
.
.
.
Night out ထွက်တာပျော်ဖို့ကောင်းမယ်ထင်ခဲ့ပေမယ့် သူရိန့်အထင်တက်တက်စင်အောင်လွဲနေပေပြီ။ အင်းလျားရေပြင်ကိုထိုင်ကြည့်ရင်းဖြတ်တိုက်လာသည့်လေတဖြူးဖြူးကြားသူရိန်ရင်ပူရပါသည်။ ငါးကင်တချို့ ကြ က်သားကင်တချို့နှင့် sprite ဘူးများချကာဆူညံနေသည့်ဝိုင်းကိုလဲသူရိန်စိတ်မဝင်စား။ ဝိုင်းထဲ လာထိုင်ဖို့လှမ်းခေါ်သည့် သူငယ်ချင်းတချို့ကိုသူရိန် ခေါင်းခါပြပြီးအိတ်ကပ်ထဲ ဖုန်းထုတ်ကြည့်တော့ ဖုန်းပါမလာ။ ပြန်စဥ်းစားကြည့်တော့ အအေးဝင်ဝယ်တုန်း ဒန်နီယယ်ကိုကိုင်ခိုင်းထားမိမှန်းသတိရသည်။