အချစ်ဆိုတာ ဘယ်လိုမျိုးပါလိမ့်...။
နွေတစ်နေ့မှာ မဖိတ်ခေါ်ဘဲရောက်လာတဲ့ ပိတုန်းရောင်ကေသာတို့ရဲ့ပိုင်ရှင်ကို ငေးမောနေမိတာ အချစ်များလား...။
လေရူးလေးနဲ့အတူ ပျံ့လွင့်လာတဲ့ ရယ်သံလွင်လွင်တို့ကို လိုက်ရှာနေမိတာကရော...။
နေပူပူအောက်ဝယ် မျှော်လင့်ချက်ကင်းမဲ့စွာထိုင်နေမိချိန် အုပ်မိုးပေးခဲ့ဖူးတဲ့ ထီးအဝါလေးကရော...။
* * * * * * * *
အိမ်ပက်ပေလား၊ လက်တွေ့တွင်ဖြစ်ပျက်ခဲ့သည်လားပင် ဝေခွဲမရတော့ပေ။
နှစ်ရာသီတို့ အတော်ကျော်လွန်ခဲ့ပြီဖြစ်၍ အဖြစ်အပျက်တို့ဟာ ကျွန်မ၏မှတ်ဉာဏ်ထဲတွင် ဝိုးတဝါးပုံရိပ်များအဖြစ်သာ ရှိနေတော့သည်။သို့သော်လည်း မပြောင်းလဲဘဲ ကျန်ရှိနေခဲ့သည်ကတော့ လေပြည်နဲ့အတူလွင့်မျောနေသည့် ပိတုန်းရောင်ကေသာကျော့တို့သာဖြစ်သည်။မိန်းမ,မဆန်သောကျွန်မ၊ အလှအပ သိပ်မမက်သောကျွန်မက လျှပ်တစ်ပြက်တွေ့လိုက်ရတဲ့ ပိတုန်းရောင်ကေသာကျော့တို့နဲ့ မမကို ချစ်မိသွားလိမ့်မယ်လို့ ဘယ်သူကထင်ပါလိမ့်မလဲ။သို့သော် ဤအရာသည် အမှန်တရားတစ်ခုဖြစ်ခဲ့ပါသည်။
ကျွန်မ မမကိုသိပ်ချစ်မိခဲ့ပါ၏။လွန်ခဲ့သော(၁၀)နှစ်ခန့်က
သာမန်အခြေခံလူတန်းစား မိသားစုကဖြစ်တာမို့ ကိုးတန်းဖြေပြီးတာနဲ့ မိသားစုအတွက် အပိုဝင်ငွေလေးရအောင် ဂျာနယ်ရောင်းတဲ့အလုပ်လေးကို စ,လုပ်ကြည့်လိုက်သည်။အစပိုင်းမှာတော့ ဈေးရှေ့မှာ မတ်တပ်ရပ်ပြီးရောင်းရာကနေ နောက်ပိုင်းမှာအဆင်ပြေလာပြီး ရောင်းနေကျနေရာလေးမှာပဲ စားပွဲနဲ့ကုလားထိုင်လေးချကာ ရောင်းလာနိုင်ခဲ့သည်။လူကောင်ခပ်ညှပ်ညှပ်လေးနဲ့မို့ ကလေးဆိုပြီး ကရုဏာသက်ကာ လာအားပေးတဲ့ ကားသမားတွေ၊ အန်တီကြီးတွေနဲ့ ဖြတ်သွားဖြတ်လာတွေရှိတာမို့ သိပ်အဆင်ပြေခဲ့သည်။
ကျောင်းဖွင့်တဲ့ရာသီရောက်တော့ ဒုက္ခကြုံရလေပြီ။ကျောင်းဖွင့်ပြီဆိုတော့ ကျောင်းစရိတ်ကလိုအပ်လာသည်။အိမ်မှာကျောင်းသားက တစ်ယောက်တည်းမဟုတ်တော့ ပိုဆိုးသည်။ကျွန်မ၏အောက်တွင် ရှစ်တန်းညီမလေးတစ်ယောက်နှင့် နှစ်တန်းမောင်လေးတစ်ယောက်လည်း ရှိသေးသည်။ဒါတောင် မေမေက အငယ်ဆုံးညီမလေးကို မူကြိုမထားသေးပေ။
YOU ARE READING
One Summer Day (GL One Shot)
Short StoryBoth Uni & ZawGyi (ရွှေအိုရောင်လှေငယ်လေး၌ ရေးသားခဲ့သော...)