တစ်နေ့ကမြင်ကွင်းကြောင့် သက်ပြင်းသဲ့သဲ့ချကာ အမြဲတစေကာပိတ်ထားသော တစ်ဖက်ဝရံတာကို ပလ္လင်ရပ်ကြည့်နေမိသည်။ လှုပ်ရှားခြင်းအရိပ်အယောင်ပင်မမြင်တွေ့ရသော ထိုနက်ပြာရောင်လိုက်စနောက်က လူသားလေးကိုစိတ်ပူနေသည့် ပလ္လင်ဆိုသောသူမမှာတော့ လည်တဆန့်ဆန့်ဖြစ်နေချေပြီ။
" နှစ်ရက်ရှိပြီ..... ဘာတွေများလုပ်နေမှာလဲ "
စိတ်ပူနေသောပလ္လင်နှုတ်ခမ်းလေးက စိုးရိမ်ပူပန်သောစကားကို တီးတိုးရေရွတ်နေသည်။ သူ့အခန်းရှေ့ထိသွားခဲ့ပေမဲ့ တံခါးခေါက်ဖို့ကိုလက်တွန့်နေလို့ အချိန်ကြာကြာရပ်စောင့်ပြီးမှ ပြန်လှည့်လာဖြစ်သည်။ အခန်းထဲပြန်ရောက်တော့ ဘာမှမမြင်ရသောတစ်ဖက်အခန်းကို ဝရံတာကနေကြည့်မိတာလည်း အလုပ်တစ်ခုလိုပင်။
နောက်ထပ်တစ်ကြိမ် သက်ပြင်းသဲ့သဲ့ချလိုက်ပြီး ဘာမှထူးခြားခြင်းမရှိသော တစ်ဖက်အခန်းကိုကြည့်နေတာကို ပလ္လင်အကြည့်လွှဲလိုက်သည်။ လက်ထဲကကော်ဖီခွက်က အပြည့်အတိုင်းရှိနေပြီး အေးစက်စက်ဖြစ်နေသော်လည်း သက်ပြင်းတစ်ချက်နှင့်အတူ တစ်ငုံမျှသောက်ကာ ကော်ဖီခွက်ကိုတွေတွေငေးငေးကြည့်နေသည်။
" ဆက်သနှလုံးသားကို ဆက်မနာကျင်စေချင်ဘူး ဆက်သ..... ပိတ်လှောင်ပြီးမနေပါနဲ့တော့လား "
ကော်ဖီခါးခါးကြည်ကြည်လေးထဲမှာ ပုံရိပ်ထင်လို့နေသော ပလ္လင်မျက်နှာလေးက ခပ်ဆွေးဆွေးလေးဖြစ်နေကာ နာကျင်ရိပ်တွေဖြစ်လို့နေသည်။ ကောင်းကင်ကိုမော့ကြည့်လိုက်သော လရောင်ကျလို့နေသောမျက်နှာထက်မှာ မျက်ဝန်းထဲကမျက်ရည်စကိုမြင်တွေ့နိုင်သည်။
တော်တော်ကြာတော့ ဝရံတာမှာရပ်နေတဲ့ပလ္လင်တစ်ယောက် သောက်မကုန်သေးတဲ့ကော်ဖီခွက်ကိုကိုင်ရင်း အခန်းထဲကိုပြန်ဝင်လာခဲ့သည်။ အိပ်ခန်းထဲဝင်အိပ်လေ့မရှိဘဲ ဧည့်ခန်းကဆိုဖာမှာပင် ကော်ဖီခွက်ကိုစားပွဲထက်တင်ရင်း လှဲအိပ်ချလိုက်သည်။ အခန်းထဲမီးမဖွင့်ထားဘဲ ညအိပ်မီးရောင်ကိုသာ ဖုန်းကတဆင့်အပြာရောင်ဘက်ပြောင်းပြီး ပလ္လင်မျက်လွှာချထားလေသည်။
အမှန်တကယ်အိပ်ပျော်နေတာမဟုတ်ဘဲ မျက်လွှာချထားသည်ဆိုတာ တစုံတစ်ယောက်အကြောင်းကို ပလ္လင်တွေးတောနေခြင်းသာဖြစ်သည်။ အိပ်လို့မပျော်အောင်ဖြစ်နေလို့ မှိတ်ထားတဲ့မျက်လွှာကိုဖွင့်လိုက်ပြီး မီးပြာပြာလင်းနေတဲ့မျက်နှာကျက်ကိုငေးကြည့်နေလိုက်သည်။ တဆက်တည်းမှာ ပလ္လင်မြင်ယောင်နေတာက တစ်နေ့ကမြင်ကွင်းတစ်ခုသာဖြစ်နေသည်။
လွန်ခဲ့တဲ့နှစ်ရက်က ပလ္လင်လိုအပ်တာလေးတွေဝယ်ဖို့ ကြောင်နဲ့ကစားနေတဲ့သူ့ကိုတောင် ဆက်ပြီးရပ်ကြည့်မနေတော့ဘဲ ဈေးဆိုင်လေးတွေဘက်ဆင်းသွားခဲ့သည်။ လိုအပ်တာတွေဝယ်ပြီး တိုက်ခန်းဆီကိုပြန်လာတော့ မလှမ်းမကမ်းကတည်းက လှမ်းမြင်နေရတဲ့မြင်ကွင်းတစ်ခုအား ပလ္လင် အကွယ်တစ်ခုကနေရပ်ကြည့်နေမိသည်။
အချေအတင်စကားများနေခြင်းမဟုတ်သော်ငြား အခြေအနေကောင်းမှာမဟုတ်တဲ့အတွက် သူတိုက်ထဲဝင်သွားတော့မှ ကျန်ရစ်ခဲ့တဲ့တစ်ယောက်ကိုလှည့်ကြည့်ပြီး ပလ္လင်လည်းတိုက်ထဲဝင်လာခဲ့ရသည်။ ကျယ်လောင်သောတံခါးပိတ်သံက စိတ်အခြေအနေမကောင်းမှန်းသိသာတာကြောင့် တိုက်လှေကားထစ်မှာရပ်နေတဲ့ပလ္လင်မှာ သူ့အစားသက်ပြင်းသာချမိတော့သည်။
" သူသိပ်ကံကောင်းတာပဲ..... ဆက်သအချစ်ကိုရော ဆက်သနှလုံးသားမှာပါနေရာယူခွင့်ရှိလို့..... သူသိပ်ကံကောင်းတယ် "
ထို့အတူ ဆိုဖာမှာလှဲအိပ်ရင်း မျက်နှာကျက်ကိုငေးကြည့်နေသော ပလ္လင်၏နှုတ်ခမ်းလေးက ဝမ်းနည်းနေသယောင်စကားလေးကို တကိုယ်တည်းကြားသာအောင်ပြောကာပြုံးလိုက်ခဲ့သည်။
.............................................................
" ဘာ ! " ဆိုသော အာမေဋိက်အသံဟာ အိမ်တော်တစ်ခုထဲ၌ ကျယ်လောင်စွာကြားရနိုင်သည်။ ဒေါသသံကြောင့်ဆိုတာမသေချာသောအသံက စူးရှပြတ်သားသောမျက်လုံးနှင့်ကွဲပြားနေသည်။ လက်ထဲကဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး ထိုင်နေရာကထရပ်လာသော ထိုသူ၏စိတ်တွေက စိုးရိမ်ပူပန်ခြင်းဆီသို့။
ခြံဝန်းကျယ်ကနေထွက်လာသော ဇိမ်ခံကားအနက်ရောင်တစ်စီးမှာ ပြောင်းဝကထွက်သွားတဲ့ကျည်ဆန်ကဲ့သို့ တဟုန်ထိုးမောင်းထွက်လာလေသည်။ မှောင်ရီပျိုးနေသောပတ်ဝန်းကျင်လို ထိုသူရဲ့စိတ်တွေကလည်း ဘာမှမမြင်နိုင်အောင်မှောင်နေခဲ့လေပြီ။ စူးရှပြတ်သားသောမျက်လုံး ပိရိပြတ်သားသောနှုတ်ခမ်းရဲရဲက အတွင်းစိတ်နှင့်အပြိုင် စိုးရိမ်ခြင်းအရိပ်အငွေ့တွေပြေးလွှားလျက်။
အရှိန်တဟုန်ထိုးမောင်းလာတော့ နာရီဝက်အကြာမှာပင် ဟိုတယ်ရှေ့သို့ရောက်လာသည်။ အသင့်စောင့်ဆိုင်းနေကြသောသူတွေထဲမှ မန်နေဂျာလက်ထဲကမာစတာကတ်ကို ကားပေါ်ကဆင်းလျှင်ဆင်းချင်းဆွဲယူလိုက်သည်။ ဘာစကားတစ်ခွန်းမှမဆိုဘဲ ခြေလှမ်းကျယ်တွေကဓာတ်လှေကားဆီကို အရောက်သွားလေသည်။
ဓာတ်လှေကားထဲရောက်တော့လည်း ဟိုတယ်တာဝန်ရှိသူတွေသာဆောင်ထားကြတဲ့ လက်ထဲကမာစတာကတ်ကို ခပ်တင်းတင်းလေးဆုပ်ကိုင်မိသည်။ စိတ်ထဲမှာဘယ်လောက်နေရခက်ပြီး ကမ္ဘာပျက်နေမှာကို ထိုသူရဲ့မျက်ဝန်းတွေမှာပေါ်လွင်နေသည်။ တဖြည်းဖြည်းတက်သွားသောနံပါတ်တွေကိုကြည့်ပြီး ဓာတ်လှေကားပွင့်လာမယ့်အချိန်ကိုသာ စိတ်ထဲလောကြီးရင်း တံခါးပွင့်သွားတဲ့အချိန်က ထိုသူအတွက်အပျော်ဆုံးဖြစ်လိမ့်မည်ထင်သည်။
ဆေးနှင့်ဆန်ပြုတ်ကိုဖုန်းဆက်မှာလိုက်သောကြောင့် သူ့ကိုအသိပေးလာတဲ့ ဟိုတယ်မန်နေဂျာစကားကို ဘာတစ်လုံးသာတုံ့ပြန်မိလေအောင် အထိတ်တလန့်ဖြစ်သွားခဲ့သည်။ တော်ရုံဖျားနာခဲသော်လည်း တကယ်သာဖျားပြီဆိုရင် ကိုယ်ပူမကျတတ်သဖြင့် သတိလစ်သည်ထိဖြစ်ဖူးသည်ကို သူကောင်းကောင်းမှတ်မိနေသေးသည်။
ကိုယ့်ကိုမုန်းရင်တောင် မင်းကိုယ်မင်းထိခိုက်အောင်မလုပ်ပါနဲ့လား ပန်ဆင်းရယ်.....
လက်ထဲကကတ်ဖြင့်အခန်းတံခါးဖွင့်ရင်း သူစိတ်ထဲကတောင်းဆိုမိသည်။ လိုက်လျောမှာမဟုတ်သည်မှာသေချာသော လူတစ်ယောက်ကို အရွဲ့တိုက်လိုက်မှာစိုးတဲ့စိတ်ကြောင့် အတိအလင်းဂရုစိုက်စကားမဆိုရဲခဲ့ပေ။
အခန်းတံခါးကိုတွန်းဖွင့်ဝင်လာတော့ အရင်ဆုံးမြင်လိုက်တွေ့လိုက်ရတာက စားပွဲပေါ်မှာပြန့်ကြဲနေတဲ့ယမကာပုလင်းအစုံပင်။ တံခါးကိုပြန်စေ့ပိတ်လိုက်ပြီး စားပွဲပေါ်ကဖန်ခွက်မှာထင်ကျန်နေတဲ့ နှုတ်ခမ်းနီအရာလေးကို အနားထိသွားကာအသာတို့ထိလိုက်သည်။ နောက်တော့ ကိုယ်ကိုကိုင်းထားရင်းမှ ဝရံတာကိုခြားထားတဲ့မှန်ကနေဝင်လာတဲ့ လအလင်းရောင်အောက်မှာ အိပ်စက်လို့နေသောသူမဆီကို သူ့အကြည့်တို့ရောက်သွားခဲ့သည်။
" နေမကောင်းတာကို အရက်တွေသောက်နေခဲ့တာလား "
လောလောလတ်လတ်သောက်ထားမှန်းသိသာသော ဖန်ခွက်အအေးဓာတ်က သူ့ရင်ကိုနာကျင်သွားစေသည်။ တစ်လှမ်းချင်း တစ်လှမ်းချင်းတိုးကာလျှောက်လာရင်း လရောင်အောက်မှာလှပစွာအိပ်စက်နေတဲ့ သူမရဲ့မျက်နှာလေးကို အိပ်ရာခင်းဖြူ ဖြူ ခင်းထားသောကုတင်ဘေးကနေသာ သူရပ်ငေးကြည့်နေလိုက်သည်။
အဖျားကြောင့်နီနေသယောင်မျက်နှာလေးအားကြည့်ရင်း သူမပါးပြင်လေးဆီကို သူမဝံ့မရဲဖြင့်လက်လှမ်းခဲ့သည်။ အသားပင်မထိရသေးဘဲ ခံစားမိသောအပူငွေ့က သူမအတော်လေးဖျားနေပြီဖြစ်ကြောင်းသူသိလိုက်သည်။ ထိုမျှလောက်ပူနေသောကိုယ်နှင့် အရက်တွေဝိုင်တွေသာသောက်နေခဲ့သောသူမအား သူအော်ဟစ်ကာမေးလိုက်ချင်သည်။
သူ့ကိုအတော်လေးမုန်းနေတာလားဆိုပြီး စိတ်ရှိလက်ရှိသောင်းကျန်းပြီးပေါက်ကွဲပစ်ချင်ခဲ့သည်။ မတရားသိမ်းပိုက်ထားတယ်ဆိုတဲ့ ထိုခေါင်းစဉ်အောက်မှာ သူဟာဗီလိန်တစ်ယောက်ဆိုတာသိပါသည်။ ဗီလိန်ဆိုတဲ့သူမှာလည်း ပေါက်ကွဲပစ်ချင်တဲ့စိတ်တွေကို အပြုံးမမည်သောမဲ့ပြုံးတစ်ပွင့်အောက်မှာ ဒူးထောက်ခစားသွားခဲ့ရတဲ့ နှလုံးသားတစ်ခုရှိနေတာကိုတော့ သူမလေးကဘယ်သိနိုင်မှာလဲ။
" တစ်နေ့တခြားဆုံးရှုံးရမှာကြောက်နေတယ် ကိုယ်မပိုင်တဲ့အရုပ်လေးကို ပိုင်ရှင်ဆီအပ်ရမှာကြောက်တဲ့စိတ်ကို မင်းမသိပါဘူး ပန်ဆင်း "
" မိုက်ရူးရဲပြီးမှ နောက်ဆုတ်မရတဲ့လမ်းမှာ ကိုယ်အပိုင်သိမ်းထားချင်တာဆိုလို့ "
" မင်းတစ်ယောက်ပဲ မင်းတစ်ယောက်တည်းပဲသိလား "
အနားမှာတတွတ်တွတ်ပြောပြီး ရေချိုးခန်းထဲမှာရေစွတ်လာတဲ့အဝတ်ကို သူမနဖူးပေါ်အုပ်တင်ပေးထားလိုက်သည်။ ချွေးတွေကြောင့်စိုရွှဲနေသော သူမညအိပ်ဝတ်စုံကိုတော့ သူလဲပေးမှဖြစ်လိမ့်မည်။
ထို့ကြောင့် အပြင်ကခါးစည်းအဝတ်လေးကိုအရင်ချွတ်ပြီး အတွင်းဝတ်ညအိပ်အင်္ကျီပါချွတ်ဖယ်ကာ အသင့်ယူထားတဲ့ရေစိုအဝတ်တစ်ခုနှင့် သူမကိုယ်လေးကိုသုတ်ပေးနေလိုက်သည်။ နောက်တော့ သူမရင်ဘတ်ပေါ်စောင်လွှားထားလိုက်ပြီး ဗီရိုထဲကနေအဝတ်တစ်စုံထုတ်ယူခဲ့လိုက်သည်။
မင်းမုန်းနေတာထက်ပိုအောင် ကိုယ်မြတ်နိုးမိခဲ့ပါတယ် ပန်ဆင်း.....
............................................................
နေရောင်မလာခင်ကတည်းကထနှင့်ကာ တစ်အိမ်လုံးကိုသန့်ရှင်းရေးလုပ်သည်။ သပ်သပ်ရပ်ရပ်ဖြစ်အောင် အရာအားလုံးကိုအစီအစဉ်တကျထားသည်။ ညစ်ပတ်နေသယောင်ဖြစ်နေတဲ့ ခပ်ဝဝကြောင်လေးတစ်ကောင်ကိုလည်း သန့်သွားအောင်လို့ရေချိုးပေးလိုက်သည်။
မနားတမ်းသောအလုပ်တွေနှင့် ကိုယ့်ကိုကိုယ်ဖိစီးပြီးသည့်နောက်မှာ အနည်းငယ်အဆင်ပြေကြည်လင်လာသောစိတ်ကို ပိုပြီးရှင်းလင်းကာလန်းဆန်းစေဖို့ သဘာဝနှင့်မိမိကြားကာခြားထားသော ဝရံတာအပြင်ကိုထွက်လာသည်။ မှောင်မည်းပိန်းပိတ်အောင် ကိုယ်တိုင်ပြုလုပ်ထားသောအရာကို ကိုယ့်လက်နှင့်ကိုယ်တိုင်ဖြုတ်ဖယ်လိုက်သည်။ ထိုအခါမှာ မမြင်တွေ့တာကြာပြီဖြစ်တဲ့ သဘာဝအလှတရားကြီးက နေဆက်သလွန်ဆိုတဲ့ကောင်မလေးတစ်ယောက်ကို နွေးထွေးစွာဆီးကြိုပွေ့ဖက်လေသည်။
" ဒီနေ့ကစပြီး အနာတရတွေကြားထဲမှာမရှင်သန်တော့ဘူး နေဆက်သလွန်ဆိုတာဒီလိုလူစားမဟုတ်ဘူး..... "
ပြုံးလိုက်သည်လောမရေရာတဲ့အကြည့်ဖြင့် လတ်ဆတ်သောရှုခင်းကိုကြည့်လိုက်ပြီး ခဏတွင်းချင်းပင်ကျောခိုင်းခဲ့လိုက်သည်။ ဝရံတာအထဲသို့မဝင်ရောက်ခင်မှာ ဖျတ်ကနဲတွေ့လိုက်သောအရိပ်ကို တစ်ချက်လေးစောင်းငဲ့ကြည့်ဖြစ်သည်။ ရင်းနှီးနေတာသေချာသော တစုံတစ်ယောက်ရဲ့အရိပ်ကို နှုတ်ခမ်းလေးလွန့်ကာကြည့်ပြီးအထဲဝင်လာလိုက်သည်။
တော်သင့်ပါပြီ ရှစ်နှစ်တာအတွင်းမှာ စိတ္တဇလိုရူးသွပ်နာကျင်ခဲ့ရတာတွေကို ကိုယ်တိုင်ရပ်ပစ်သင့်နေပြီ။ သိပ်ချစ်ခဲ့ရသောအမျိုးသမီးကို ပြန်လည်ကာတွေ့ခဲ့ရပေမဲ့ မိမိရှေ့မှာဘာမှမဖြစ်သလိုနေနိုင်ကတည်းက ဘဝကိုရေစုန်မျှောပြီးနေထိုင်ခဲ့ရတာနဲ့ ထိုက်တန်ရဲ့လားလို့တောင်တွေးမိသည်။ မတန်ခဲ့ပါဘူး အရာရာပေးဆပ်ပြီးငေးကြည့်ခဲ့သလောက် ကိုယ်မဟုတ်တဲ့တခြားသူကိုရွေးချယ်သွားတဲ့လုပ်ရပ်ထက် ကိုယ့်ခံစားချက်ကိုအကြိမ်ကြိမ်ကစားခဲ့တာကဆိုးဝါးလွန်းခဲ့သည်။
ရှင့်ကိုသိပ်ချစ်နေတောင် နောက်တစ်ကြိမ်နာကျင်မခံတော့ဘူး လှည့်စားမခံတော့ဘူး မပန်ဆင်းနီသွေး.....
ရေချိုးခန်းထဲကမှန်ရှေ့မှရပ်ကာ မညှပ်တာကြာလှသောဆံပင်အရှည်အား ကတ်ကြေးတစ်လက်ဖြင့်ခပ်တိုတိုညှပ်ချပစ်နေသည်။ မျက်နှာသစ်ဘေစင်ဘောင်ပေါ်မှာတော့ တတိတိနှင့်ညှပ်ချထားသော ဆံပင်အချို့တို့ရှိလေသည်။ လိုချင်သောပုံစံရသည်အထိ စိတ်တိုင်းကျညှပ်ပစ်ပြီးသည့်နောက်တော့ လွန့်ကနဲပြုံးလိုက်သောအပြုံးက စူးရှရှမျက်ဝန်းနှင့်အပြိုင် နှုတ်ခမ်းထက်မှာခိုတွဲလာသည်။
သို့ပေမဲ့ ထိုအပြုံးတွေကတာရှည်မခံလှဘဲ မမုန်းရက်နိုင်တဲ့အမျိုးသမီးပုံရိပ်တွေသာ အထပ်ထပ်မြင်ယောင်လာသည်။ နာကျင်စွာပြုံးလိုက်မိသောအပြုံးကတော့ မမုန်းတတ်တဲ့ကိုယ့်ကိုကိုယ်အား လှောင်ရယ်မိနေခြင်းပင်။ မှန်ရှေ့မှာမြင်နေရတဲ့ပျော့ညံ့လွန်းသော မိမိပုံရိပ်ကိုအကြိမ်ကြိမ်ထုရိုက်ရင်း တဆစ်ဆစ်နာကျင်နေတဲ့လက်ဖြင့်ပင် မှန်ကိုထိုးပစ်လိုက်မိသည်။
အက်ရာထင်ရုံမျှသောမှန်အား မမှိတ်မသုန်စိုက်ကြည့်ရင်း သွေးမထွက်သော်လည်းရောင်ရမ်းနေတဲ့လက်ကို နောက်ထပ်တစ်ကြိမ်မှန်ဆီကိုဦးတည်မိပြန်သည်။ နာကျင်လွန်းပါတယ် ရင်ဘတ်အထဲကနေကိုနာကျင်လွန်းလှတာကြောင့် ထိုအမျိုးသမီးကိုမုန်းတီးဖို့ရာကြိုးစားနေမိသည်။ အချည်းအနှီးဖြစ်မည်ဆိုတာမှန်သော်လည်း နည်းနည်းလေးဖြစ်ဖြစ် နာကျည်းမိအောင်ကြိုးစားကြည့်ချင်သည်။
" ခက်တာက ရှင့်ကိုမုန်းလို့မရနေတာပဲ နာကျည်းဖို့မဖြစ်နိုင်ခဲ့တာပဲ မပန်ဆင်းနီသွေး..... ရှင့်ကိုသိပ်ချစ်မိခဲ့တာဆိုးတယ် "
ငေးကြည့်ခဲ့တယ် အမြဲတစေငေးကြည့်နေတဲ့ ဆက်သရဲ့မျက်ဝန်းတွေက ထိုအမျိုးသမီးရဲ့စိတ်ထဲမှာ လှောင်ရယ်ချင်စရာကောင်းနေသလား။ နှလုံးသားတစ်စုံကိုအပျော်အပျက်အခမဲ့ကစားခွင့်ရလို့ လွတ်လွတ်လပ်လပ်နှင့်လှည့်ဖြားကစားခဲ့တာလား။ အကြိမ်ကြိမ်ပြိုလဲအောင်စကားနဲ့သတ်ပြီး နောက်ဆုံးမှာမျှော်လင့်ချက်တွေနဲ့အသေသတ်သွားခဲ့သလား မပန်ဆင်းနီသွေး။
" ရှင်ရက်စက်သွားတာထက်အဆပိုပြီး ကျွန်မရက်စက်ကြည့်ချင်တယ် မပန်ဆင်း..... ဒါပေမဲ့ ဒီရင်ဘတ်ကမလုပ်ရက်နိုင်ခဲ့ဘူး ရှင့်ကိုဆိုမနာကျင်စေရက်လောက်အောင် အမှတ်မရှိဖြစ်နေတုန်းပဲသိရဲ့လား ရှင့်လိုသွေးအေးမရက်စက်နိုင်ခဲ့ဘူး "
လွှတ်ထားခဲ့သင့်ပါတယ် ငြိမ်သက်အောင်ကြိုးစားနေရတဲ့ ဆက်သရဲ့နှလုံးသားထံကို ထိုအမျိုးသမီးထပ်ဝင်ရောက်ဖို့မကြိုးစားသင့်ပေ။ ပြန်ရောက်လာခဲ့ရင်တောင် အားနာစိတ်လေးနှင့် ထပ်မံနှိပ်စက်ဖို့အတွက် ဆက်သရှေ့ကိုမပေါ်လာဖို့ကောင်းသည်။ အပြုံးလေးတစ်ချက်တည်းနှင့် ရှစ်နှစ်တာခံစားခဲ့ရသမျှကိုမေ့ပစ်ရအောင် ဆက်သအချစ်ကကြိုးဆွဲရာကမယ့်ရုပ်သေးရုပ်မဟုတ်လေ။
" ရှင်သိပ်ချစ်တဲ့လူကိုရွေးသွားတယ် ရှင်လိုလိုလားလားတည်ဆောက်ချင်တဲ့ သဘာဝကျကျဘဝကိုရွေးသွားတယ်..... ဒါကိုတောင်မှကျွန်မရှေ့ပေါ်လာရအောင် ကျွန်မကရှင်ကစားလို့ကောင်းနေတဲ့အရုပ်လို့ထင်နေလား ! "
တစ်ယောက်တည်းဒေါသထွက်ကာ ဘေစင်ပေါင်ကိုလက်နှင့်ထုလိုက်သည့် ဆက်သ၏မျက်ဝန်းတွေထဲမှာ အမျက်ဒေါသတွေပြည့်နှက်နေသည်။ အချစ်ကြီးလို့အမျက်ကြီးတာမဟုတ်ဘဲ မာနကိုခင်းပြီးဒူးထောက်ခဲ့သလောက် အချစ်ကိုစော်ကားခံလိုက်ရသောကြောင့် ထွက်လာသောအမျက်ဒေါသသာဖြစ်သည်။ သိပ်ချစ်ခဲ့ပါသော်လည်း မျှော်လင့်ချက်တွေကိုကစားဝပြီးရိုက်ချိုးသွားတဲ့ ထိုအမျိုးသမီးအားသိပ်မုန်းခဲ့ပါသည်။
" မပန်ဆင်း..... ရှင်လုံးဝကိုအထင်မှားနေပြီ သိပ်ချစ်နေရင်တောင် မာနကိုနောက်တစ်ခါလမ်းမခင်းပေးတော့ဘူး အထူးသဖြင့် ရှင့်လိုအမျိုးသမီးကိုပဲ "
အမျက်ဒေါသတို့ကခံပြင်းစိတ်ကြောင့် လောင်စာပိုမိုရသွားသည့်နှယ် မျက်ဝန်းတွေသည်တောက်လောင်နေသကဲ့သို့ရှိလေသည်။ ရယ်လိုက်သောနှုတ်ခမ်းလေးက မဲ့ပြုံးတစ်ပွင့်ကိုခပ်လှလှလေးပြုံးကာပုံဖော်နေသည်။ ပခုံးသာသာအရှည်ရှိသောဆံပင်ကို ရေအနည်းငယ်စွတ်ကာလှန်တင်လိုက်တော့ နာကျင်နေသောမျက်နှာလေးက နာကျည်းချက်သို့အသွင်ပြောင်းသွားစေခဲ့သည်။
မုန်းတယ် ရင်ဘတ်တွေနာကျင်ရတဲ့အထိ ရှင့်ကိုမုန်းတယ်မပန်ဆင်း.....
...........................................................
VOCÊ ESTÁ LENDO
နှလုံးသားထဲကအဖြေ ( or ) Heart rate ( Z + U )
Romanceအချစ်တွေသက်ရောက်မှုရှိမရှိဆိုတာ ဝဲဘက်ရင်အုံထဲက အဖြေကအဓိကပါပဲ။ အချစ်တွေသက်ရောက်မှုရှိမရှိဆိုတာ ဝဲဘက်ရင်အုံထဲက အဖြေကအဓိကပါပဲ။