Part - {11}

4.3K 590 29
                                    

"တောင်းပန်ပါတယ်"

ကျွန်တော့်ရဲ့ တောင်းပန်သံကို ကြားတော့ ရုတ်တရက်မော့ကြည့်လာတဲ့ အီဗန့်မျက်ဝန်းတွေဟာ ထူးထူးဆန်းဆန်း တိမ်တွေ မျောလွင့်နေသလိုပဲ။

"ကြည့်ရတာ စနေပြီထင်တယ်။ ဒါက ငါမင်းနဲ့ အတူကြည့်ချင်ခဲ့တာလေ မီးပန်းတွေ‌"

အီဗန်က တိုးလျစွာ ရေရွတ်လိုက်တယ်။ သူ့စကားလေး ကြားရတော့ ကျွန်တော် စိတ်မသန့်တော့ဘူး။ တောင်းပန်ရမှာက ကျွန်တော် ဖြစ်နေရဲ့သားနဲ့။ မူရင်းဝတ္ထုကို သိနေခဲ့တာ ကျွန်တော် ဖြစ်နေရဲ့သားနဲ့။ ကျွန်တော် မတားနိုင်ခဲ့ဘူး။

စောနက သူ့ကို ခဏလေး ကြောက်သွားမိတာကို စိတ်မကောင်းဖြစ်မိတာမလို့ ကျွန်တော် တိတ်တိတ်လေးပဲ မှန်ကွဲစတွေ ဖယ်လိုက်တယ်။ မှန်ကွဲစတွေ မရှိတော့မှ ကျွန်တော်သတိ ဝင်လာတယ်။ အီဗန်က ညှိုးငယ်စွာ မတ်တပ်ရပ်လိုက်ရင်း သူ့ပုံစံဟာ ပြိုကွဲ ပျောက်ကွယ်ပြီး ဘာမှမရှိတော့မလို ထင်ရတယ်။ အားနဲ့ ‌ဆွဲဖြုတ်ခံထားရလို့ နေမယ်။ အီဗန့်လည်ပင်းမှာ သိသာထင်ရှားတဲ့ ဆွဲကြိုးရာကြီး ရှိနေတယ်။

"ငါတို့ မီးပန်းတွေကို မကြည့်တော့ဘူး"

ကျွန်တော် ဆွဲကြိုးရာကို သာသာလေး ထိလိုက်တယ်။ အနာဖြစ်သွားပြီ။ အီဗန့်လည်ပင်းကော ပြီးတော့ ကျွန်တော့် နှလုံးသားကော။

"ပြန်ကြရအောင်"

ကျွန်‌တော့်ရဲ့ ဂျာကင်အပါးလေးကို ချွတ်လိုက်ပြီး အီဗန်ကို လွှမ်းခြုံပေးလိုက်တယ်။ ညပိုင်းကျရင် အေးတတ်လို့ ဒီဂျာကင်ကို ယူခဲ့ပေမဲ့ အခုလို သုံးရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ အဲ့တာက နည်းနည်းလေးပဲ ပွပေမဲ့ သူ့ရဲ့ စုတ်ပြဲနေတဲ့ အဝတ်တွေကို ဖုံးလို့ရတယ်။

"နေအုန်း ခဏစောင့်အုန်း ဟေးလ်"

အီဗန်က ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီး ဖန်ဆွဲသီးအပိုင်းအစ အကုန်လုံးကို ကောက်လိုက်တယ်။ အီဗန်က အပိုင်းအစတွေ အကုန်လုံးကို အိတ်ကပ်ထဲ ထည့်နေတာကို ကြည့်ပြီးတာနဲ့ အီဗန့်လက်ကို ဆွဲရင်း အဲ့ဒီ့ ကြောက်ဖို့ ကောင်းတဲ့ နေရာကနေ မြန်မြန်ထွက်ခဲ့လိုက်တယ်။ ကျွန်တော့် ဆွဲခေါ်ရာနောက် အသံတိတ်လိုက်လာတဲ့ အီဗန့်ကို နောက်လှည့်မကြည့်ပဲ တိုးတိုးလေး ပြောလိုက်တယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Donde viven las historias. Descúbrelo ahora