"ဆေးလိပ်တွေ သိပ်မသောက်ပါနဲ့လား အစ်ကို.."
လေသံဖျော့ဖျော့လေးနဲ့ ကျွန်တော်ပြောလိုက်တော့ အစ်ကိုဟာ မျက်မှောင်ကြုတ်ပြီးကြည့်လာတယ်။"အဟွတ် အဟွတ်.."
တမင်သက်သက် လုပ်တာလားမှတ်ရအောင် အစက ပြတင်းပေါက်အပြင်ဘက်ကနေ လွင့်ပြယ်သွားတဲ့ အခိုးအငွေ့တွေဟာ အစ်ကို့ဘေးမှာရပ်နေတဲ့ ကျွန်တော့်နှာခေါင်းရှေ့တည့်တည့် လာရိုက်ခတ်တယ်။"အဟွတ် အဟွတ်.."
ဆေးလိပ်ငွေ့ မခံနိုင်တဲ့ကျွန်တော်ဟာ ချောင်းဆိုးလိုက်တာမှ အဆက်မပြတ်ပါပဲ။ အစ်ကိုဟာ ကျွန်တော်နာကျင်နေရင် ကြိုက်တယ်တူပါရဲ့... အသက်ရှူကြပ်လောက်တဲ့အထိ ချောင်းဆိုးနေတဲ့ကျွန်တော့်ကို မျက်လုံးတွေက လုံး၀မဖယ်ခွာပါပဲ ခပ်စူးစူးစိုက်ကြည့်တယ်။"မင်းက ငါ့ကိုလာချုပ်ချယ်နေတာလား"
"ဟင့်အင်း ဟင့်အင်း..ကျွန်တော်က အစ်ကို ကျန်းမာရေးထိခိုက်မှာစိုးလို့ပါ"
ပြာပြာသလဲ ငြင်းမိတာက ကျွန်တော်ပါ။အစ်ကို ငြိုငြင်သွားမှာကို ကျွန်တော်သေလောက်အောင်ကြောက်တယ်။"အပိုစာသားတွေ"
အလိုမကျသည့် မျက်ခုံးစူးစူးတွေက ကျွန်တော့်ဆီက ဖယ်ခွာသွားတယ်။ လက်ကျန်ဆေးလိပ်ကို တစ်ဖွာရှိုက်ရင်း မဲမှောင်နေတဲ့ ကောင်းကင်ကိုမော့ကြည့်နေတယ်။ဒီလိုပါပဲ။ အစ်ကိုဟာ ချုပ်ချယ်တာမကြိုက်ဘူး။ ဘယ်တော့မှ သူ့ကိုဟိုဟာလုပ်ပါ၊ ဒီဟာလုပ်ပါ သွားပြောလို့မရဘူး။ အမြဲတမ်း သူ့စိတ်ကြိုက်နေတယ်။သူ့အပြုအမူတွေကိုမကြိုက်လို့ ကျွန်တော်လမ်းခွဲသွားလည်း သူက ၀မ်းနည်းနေမှာမဟုတ်ဘူး။ ကျွန်တော်သိတယ်။
သိပြီးသားအမှန်တရားကို ထပ်တွေးမိတော့လည်း ကျွန်တော့်နှလုံးသားက တစ်ဆစ်ဆစ်ပါ။ နာကျင်တာတွေက အခုထိနေသားမကျသေးဘူးထင်ပါရဲ့..
"အစ်ကို ကျွန်တော်လေ နယ်ဘက်ကို ခရီးသွားရမယ်။ တစ်လလောက်ကြာလိမ့်မယ်ထင်တယ်"
ကျွန်တော်ပြောလိုက်ပေမယ့် အစ်ကိုဟာ ဆေးလိပ်သောက်မပျက်။ အဲ့တိုင်းပါပဲ။ အစ်ကိုဟာ ကျွန်တော်ကလွဲပြီး တစ်လောကလုံးကို ဂရုစိုက်တယ်။
".........."