အခုလို ဆောင်းတွင်းကြီးမှာ မိုးအုံ့နေတာမျိုးကို ကျွန်တော်လုံးဝမကြိုက်ဘူး။ ချမ်းအေးရသည့်ဆောင်းရာသီမှာ ဒီလိုနေ့လည်ခင်းလေးကပဲ နေရောင်ကို ပြည့်ပြည့်ဝဝ မြင်ရတာမဟုတ်လား။ အခုတော့ ကောင်းကင်ကြီးမှာ တိမ်ညိုတိမ်လိပ်တွေက နေရာယူထားတော့ ကျွန်တော့်လို အိမ်တွင်းအောင်းနေသူအတွက် လွမ်းမောစရာ ရာသီဥတုကြီး ဖြစ်လို့နေသည်။အမှန်တော့ ပိုလွမ်းတာဟု ပြောလျှင် ပို၍မှန်မည်။ ဘာလို့လဲဆိုတော့ ကျွန်တော်က နေ့တိုင်းလွမ်းနေရသူမို့။
မနက်ခင်းကတည်းက အုံ့မှိုင်းနေသည့် ကောင်းကင်ကြီးကို ပြတင်းပေါက်ကတဆင့် လှမ်းကြည့်ရင်း စိတ်ညစ်ညူးစွာပဲ ခေါင်းခါလိုက်မိသည်။ ထို့နောက် ကော်ဖီတစ်ခွက်ဖျော်၍ နံရံက ပြက္ခဒိန်ဆီသို့ ဦးတည်လိုက်သည်။ ဘေးနားရှိ ဆော့ပင်တစ်ချောင်းကို ယူ၍ ဒီနေ့ရက်စွဲကို ကြက်ခြေခတ်လိုက်သည်။ ပြီးနောက် ပထမအစ ကြက်ခြေခတ်ကနေ ဒီနေ့အထိခြစ်ခဲ့သမျှကို တစ်ကွက်ချင်းစီ လိုက်ရေသည်။
ဒါက ကျွန်တော်နေ့စဥ် ရေနေရသည့် ကိန်းဂဏန်းတွေဆိုသော်လည်း တစ်ရက်လေးတောင်မှ အစွန်းမခံနိုင်၍ ကျွန်တော့်ဦးနှောက်ကို ကျွန်တော်မယုံကြည်စွာဘဲ နေ့တိုင်း အစကနေ ပြန်ရေနေမိသည်။
နှစ်ဆယ့်ငါးရက်...နောက်ထပ် သူပြန်လာဖို့ ငါးရက်သာလိုတော့သည်။တကယ်တမ်းမှာ သူက ဘယ်တော့ပြန်လာမည်ဟု အတိအကျပြောတတ်သူမဟုတ်ပေ။ သို့ပေမယ့် သူသည် ဘယ်တုန်းကမှ တစ်လထက်ပို၍ မကြာဖူးပေ။ ထို့ကြောင့် လကုန်ခါနီးတိုင်း ကျွန်တော့် သူ့ဆီ စာပို့ဖြစ်သည်။
“မောင် ဘယ်တော့ပြန်လာမှာလဲ”
မရိုးသွားသည့် စာကြောင်းကိုပဲ သူခရီးတစ်ခါသွားတိုင်း အနည်းဆုံးတစ်ကြိမ်တော့ ပို့ဖြစ်သည်။ ထိုစာလေးတစ်စောင်ကြောင့် သူ တစ်ခါပြောဖူးသည်။
“မင်းဆီက အဲ့ဒီစာလေးဝင်လာတဲ့အခါဆို မောင် အားလုံးကိုပစ်ပြီး မင်းဆီကိုပဲ အပြေးလာချင်မိတော့တာ”
အဲ့ဒီတုန်းက ကျွန်တော်ဟာဆိုရင် ချီးကျူးခံလိုက်ရတဲ့ ကလေးလိုမျိုး ဒီစာလေးကိုပဲ အမြဲတမ်းပို့ဖို့ တေးထားလိုက်တော့သည်။