"အစ်ကို.."
ခပ်ဖျော့ဖျော့ ကျွန်တော့်ရဲ့ခေါ်သံလေးကြားတော့ ဟင်းချက်နေသည့် အစ်ကိုက ပြာပြာသလဲလှည့်ကြည့်ရှာတယ်။ နားထင်နားမှ ချွေးစက်လေးတွေနဲ့ အပြာရောင်အေပရွန်ကတောင် အစ်ကိုနဲ့ လိုက်ဖက်လွန်းတယ်လို့ ကျွန်တော်ထင်တယ်။
"ဘာဖြစ်လို့လဲ အငယ်။ ဘယ်နားနေလို့မကောင်းလို့လဲ"
ကျွန်တော့်နားချက်ချင်းရောက်ချလာတဲ့ အစ်ကိုကြောင့် ခပ်ယဲ့ယဲ့လေးပြုံးလိုက်မိတယ်။သူ့ကို သိပ်ချစ်ပါသည့် အစ်ကို့ကို ပိုင်ဆိုင်ထားရတာ သူသိပ်ကံကောင်းသည်။
"အစ်ကို ဟင်းမချက်ပါနဲ့တော့လားဟင်။ ကျွန်တော် အစ်ကို့နားမှာ ဒီထက်ပိုအချိန်အကြာကြီး ရှိချင်သေးတယ်။ ကျွန်တော်တို့ လျှောက်လည်ပြီး ဓာတ်ပုံရိုက်ကြရအောင်လေ"
"အငယ်ရာ...အငယ် အပြင်ထွက်လို့ မဖြစ်တာသိရဲ့သားနဲ့။ အငယ်ဓာတ်ပုံရိုက်ချင်ရင် အစ်ကို ကင်မရာသွားယူပေးမယ်နော်"
ချက်ချင်းပင် မီးဖိုချောင်ထဲမှ ထွက်သွားသည့် အစ်ကို့အား ကျွန်တော်မျက်စိတစ်ဆုံးလိုက်ကြည့်နေမိ၏။ အစ်ကိုဟာ အရမ်းကိုကြည့်ကောင်းပါသည်။ အထူးသဖြင့် ကျွန်တော့ကို ဂရုစိုက်ပေးနေတဲ့အချိန်မျိုးမှာပေါ့..။
ခဏကြာတော့ အစ်ကိုဟာ သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်း တစ်နှစ်ပြည့်အထိမ်းအမှတ်ဖြင့် သူ၀ယ်ပေးထားပါသော အပြာရောင်ကင်မရာလေးကိုင်ကာ ပြန်၀င်လာသည်။ အမှတ်တရတွေဟာ ဒီကင်မရာလေးမှာ အများကြီးပါ၀င်နေတာပေါ့။ သူတို့အရမ်းချစ်ခဲ့သည့်အချိန်ကနေ ခွဲခွာရတော့မည့် ယခုအချိန်အထိ။
"လာ..အငယ် ဧည့်ခန်းထဲသွားရအောင် ။"
အစ်ကိုခေါ်သည်မို့ ထိုင်နေရာမှ ထလိုက်တော့ အစ်ကိုက သူ့ကိုတွဲကူသည်။ ဒီအစ်ကိုဟာလေ သူနေကောင်းသွားပါပြီဆိုမှ တကယ်အကဲပိုသည်။
"အစ်ကို ပြုံးလေဗျာ.."
ဓာတ်ပုံရိုက်ရင် အမြဲ ရုပ်တည်ကြီးနဲ့နေလေ့ရှိပါသော အစ်ကို့ကြောင့် ကျွန်တော့်မှာပြောရပြန်သည်။ အစ်ကိုဟာ ဓာတ်ပုံရိုက်ရတာ မနှစ်သက်ဘူး။ ဒါပေမယ့် သူတောင်းဆိုရင်တော့ သူနှင့်အတူ ရိုက်ပေးရှာသည်။