တနင်္ဂနွေနေ့ရဲ့ နေလုံးဟာ ကောင်းကင်ရဲ့ အလယ်တည့်တည့်ကို ရောက်လာတဲ့အချိန် နေ့လယ် 11 နာရီလောက်မှာပဲ ဝမ်ရိပေါ် အိပ်ရာနိုးလာခဲ့တယ် ။
မျက်ခွံနှစ်ခုကို လေးလေးလံလံဖွင့်လိုက်ပြီး ခပ်တိုတိုမျက်တောင်တွေရှိတဲ့မျက်လုံးနှစ်ဖက်ကို သုံးကြိမ်လောက် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပါရဲ့ ။ ပြီးတော့ အဲ့ဒီမျက်လုံးတွေ ပြန်မှိတ်သွားပါတယ် ။
ဘေးမှာချထားတဲ့ လက်တစ်ဖက်နဲ့ အိပ်ရာဘေးကို ဟိုဟိုဒီဒီလိုက်စမ်းလိုက်ရင်း ခန္ဓာကိုယ်ကို ဘေးစောင်းလိုက်တယ် ။ ပြီးတော့ ကုတင်ဘေးမှာရှိတဲ့စားပွဲပေါ်က နာရီလေးကို မျက်လုံးဖွင့်ကြည့်ရင်း အိပ်ရာထကာစ ပျင်းတိပျင်းရွဲ အချိန်ဖြုန်းခြင်းကို အဆုံးသတ်လို့ မတ်တပ်ထရပ်ပြီး ရေချိုးခန်းထဲကို ခပ်မှန်မှန်ခြေလှမ်းတွေနဲ့ ဝင်သွားတော့တယ် ။
_____
တကယ်တော့ Motorcycle Showroom မှာ မန်နေဂျာချုပ်ရာထူးက သိပ်ကို ပင်ပန်းရတယ် ။ တစ်နေ့တစ်နေ့ များပြားလိုက်တဲ့ ပြဿနာတွေက တစ်မျိုးနဲ့တစ်မျိုး မထပ်စေအောင်ကို မရိုးရဘူး ။ ဒါပေမဲ့ သူကိုယ်တိုင်က ဒါကို ရွေးချယ်ခဲ့တာမို့ နောက်တရတာမျိုးတော့လည်း မဟုတ်နေဘူးပဲ ။
ထားပါလေ ။ အဲ့ဒါကြောင့် ပုံမှန် နှစ်ပတ်လောက်မှာ တစ်ရက်သာရတဲ့ ဒီလို အဖိုးတန် ရွှေရောင်အားလပ်ရက်တိုင်းကို ဝမ်ရိပေါ်က ကောင်းကောင်းအသုံးချပြီး နေထိုင်ပါတယ် ။
တစ်ဦးတည်းသော သားလေးဖြစ်လို့ ဝမ်ပါးနဲ့ဝမ်မားက အိမ်ခွဲနေခွင့် မပြုတာကြောင့် ဝမ်ရိပေါ်က ဒီအရွယ်ထိ မိဘတွေနဲ့ အတူနေတယ် ။ သူကိုယ်တိုင်ကလည်း ခွဲမနေချင်တာကြောင့် ၊ ခွဲနေဖို့အကြောင်းအရင်းလည်းမရှိတာကြောင့်မို့လို့ လွယ်ကူစွာပဲ လက်ခံခဲ့တယ် ။
ဝမ်ရိပေါ်အကြောင်းက သိပ်ပြောစရာ များများစားစား မရှိနေဘူး ။ ရုပ်ချောတယ် ။ အသားအရည်ကောင်းတယ် ။ ဝတ်တတ်စားတတ်တယ် ။ ယောကျ်ားပီသတယ် ။ မသိတဲ့လူနဲ့ဆိုရင် စကားနည်းတယ် ။ အလုပ်ကို သေချာစေ့စပ်အောင် လုပ်ကိုင်တတ်တယ် ။ အားကစား တော်တော်များများမှာ မယုံနိုင်စရာကောင်းလောက်အောင် မြန်မြန်သင်လွယ်တတ်လွယ်တယ် ။ ထူးချွန်တယ် ။ အဲ့ဒီပုံစံက မတရားကိုမှ ကြည့်ကောင်းတယ် ။ အားလုံးခြုံငုံပြောရရင်တော့ မိန်းကလေးတိုင်းရဲ့ အိပ်မက်မင်းသားလေးစတိုင်လ်ပဲ ။
