Unicode
၉ နာရီခွဲ သူရိန့်ကို သင်တန်းပို့ပြီး သည်နှင့် ဆရာ့ရုံးခန်းဆီတန်းလာခဲ့ပေမယ့် ခနခနမိနေသည့်မီးပှိုင့်တွေကြောင့်မင်းမာန် ကားပါကင်ထိုးပြီးချိန် ၁၀ နာရီခွဲခါနီးနေပြီဖြစ်သည်။ မနေ့ညကအထိ ဆရာ့ကိုစိတ်ဆိုးစေသည့်အရာကဘာမှန်းမသိပေမယ့် မနက်ဇေသူရိန့်ကိုမြင်ပြီးချိန်တွင်တော့ မင်းမာန်ကောင်းကောင်းသဘောပေါက်သွားပြီဖြစ်သည်။
"ဆရာရှိလားချယ်ရီ"
စားပွဲပေါ်ဖိုင်များ ပွစာကျဲ၍ ဖုန်း ၂ လုံးနဲ့အလုပ်များနေသည့်ချယ်ရီခေါင်းညိမ့်ပြမှရုံးခန်းတံခါးခေါက်၀င်ခဲ့လိုက်သည်။ desktop ကိုကြည့်နေသည့်ဆရာက မင်းမာန်ကို တစ်ချက်သာလှည့်ကြည့်၏ အရှေ့တွင် ခေါင်းအနည်းငယ်ငုံ့ရပ်တော့ လုပ်လက်စအလုပ်ကိုလက်စသတ်၍ ဆုံလည်ကုလားထိုင်ကိုနောက်မှီချပြီး ကြည့်လာသည်ကြောင့် မင်းမာန်ဘာမှ စ မပြောပဲဆရာ့အမေးကိုသာစောင့်နေလိုက်၏
"တာ၀န်ကို ဘယ်တုန်းကအဲ့လိုလက်လွတ်စပါယ်လုပ်တတ်သွားတာလဲမင်းမာန်"
"တောင်းပန်ပါတယ် ဆရာ"
"ကျစ်......"
မင်းမာန်၏တောင်းပန်စကားကိုသဘောမကျစွာကျစ်တစ်ချက်စုပ်သပ်လိုက်သည့်အခါ ဆရာလိုချင်သည့်အရာသည်တောင်းပန်စကားမဟုတ်ပဲ အပြစ်၀န်ခံခြင်းဖြစ်ကြောင်း မင်းမာန်ကောင်းစွာသဘောပေါက်လိုက်ပေသည်။
"ကျွန်တော် သူရိန့်မျက်နှာကဒဏ်ရာကိုသတိမထားလိုက်မိပါဘူးဆရာ။ ပေါ့ဆသွားမိပါတယ်"
"တချို့အကြောင်းအရာတွေက မင်း၀င်ပါလို့မရတဲ့အခြေအနေဆိုတာကိုယ်သိတယ်မင်းမာန်။ ဒါပေမယ့် သူရိန့်မျက်နှာကဒဏ်ရာအတွက် ကိုယ်ကိုယ်တိုင်မြင်မှသိရတာမဟုတ်ပဲ မင်းအစီရင်ခံတာအရင်ကြားသင့်တယ်မဟုတ်ဘူးလား။ အတူတူပြန်လာတဲ့သူ နှစ်ယောက်က မျက်နှာကဒဏ်ရာကိုမသိဘူးဆိုတာဘယ်လောက်တောင်ပေါ့ဆလိုက်တဲ့အခြေအနေတစ်ခုလည်းဆိုတာကို မင်းသိတယ်မလား မင်းမာန်"
"ဟုတ်ကဲ့ ကျွန်တော်သိပါတယ်ဆရာ"
"ငါ မင်းကိုယုံလို့ သူရိန့်ကိုစိတ်ချထားတယ်ဆိုတာကို မင်းနားလည်သင့်တယ်"