ပြန်ဆုံချင်ပါသေးတယ်အစ်ကို

110 12 0
                                    

မြင်မြင်ချင်းအချစ်ဆိုတာကို ခင်ဗျားတို့ ယုံကြလားဗျ။သေချာပါတယ်…၈၀ရာခိုင်နှုန်းသောလူတွေကတော့ မယုံဘူးလို့ဖြေကြပါလိမ့်မယ်။သူတို့တွေးတာလည်းမှန်ပါတယ်လေ။ဘဝဆိုတာ ဖတ်လို့ကောင်းတဲ့အချစ်ဝတ္ထုတစ်ပုဒ်၊ကြည့်လို့ကောင်းတဲ့ စိတ်ကူးယဉ်အချစ်ရုပ်ရှင်တစ်ခုမှမဟုတ်တာ။
ဒါပေမယ့် ကျွန်တော်ကတော့ အပေါ်က၈၀ရာခိုင်နှုန်းထဲမှာမပါတဲ့ ၂၀ရာခိုင်နှုန်းသောလူထဲကလူတစ်ယောက်ပါပဲ။မြင်မြင်ချင်းအချစ်ဆိုတာကို ကျွန်တော်ယုံတယ်။ဘာလို့ဆို ကျွန်တော်ကိုယ်တိုင်က မြင်မြင်ချင်းအချစ်မှာ ကြာမြင့်စွာရူးသွပ်ခဲ့ဖူးတာကြောင့်ပေါ့…။

၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ၏ လကုန်ရက်တစ်ရက်၌ဖြစ်သည်……။

ကျွန်တော့်နာမည်က လရိပ်မောင်လို့ခေါ်ပါတယ်။ဒါပေမယ့် ကျွန်တော့်ဘဝကတော့ လရိပ်လေးလို အေးချမ်းမနေနိုင်ပါဘူးဗျာ။
အခက်အခဲပေါင်းများစွာနဲ့ အဋ္ဌမတန်း တိုင်းအစိုးရစစ်စာမေးပွဲကြီးကို‌ဖြေဆိုပြီးထားတဲ့ နဝမတန်းတက်ရောက်ရမည့်ကျောင်းသားလေးပေါ့…။

အတန်းတင်စာမေးပွဲ၏ထုံးစံအတိုင်း တိုင်းအစိုးရစစ်ဖြစ်တဲ့ကျွန်တော်တို့ အဋ္ဌမတန်းကျောင်းသားများနှင့် ခရိုင်အစိုးရစစ်ဖြစ်တဲ့ စတုတ္ထတန်းကျောင်းသားများက အခြားအတန်းကြီး၊အတန်းငယ်များထက် အစောဆုံးစာမေးပွဲဖြေဆိုရသည်။ကျွန်တော်တို့ဖြေပြီးရင်တော့ ကျောင်းတွင်းစစ်အတန်းအားလုံးစာမေးပွဲဖြေကြရမည်ဖြစ်သည်။

မိသားစုစီးပွားရေးမပြေလည်တဲ့ကျွန်တော့်ဘဝမှာ နွေရာသီကျောင်းပိတ်ရက်ဆိုလျှင် အခြားသူငယ်ချင်းတွေလို အေးအေးဆေးဆေးမနားရပါ။နောက်တက်ရောက်ရမည့်အတန်းအတွက်လည်း စာတွေကြိုတင်မလေ့လာနိုင်ပါ။အရင်နှစ်တွေကတော့ နွေရာသီကျောင်းပိတ်ရက်ဆို မြို့ထဲပတ်ပြီး ရေခဲချောင်းရောင်းရသည်။ထိုမှရသောအမြတ်ငွေလေးတွေအား မိသားစုစားဝတ်နေရေးအတွက်ဖာထေးရသည်။ပိုသည်များကိုစုထားပြီး တစ်နှစ်စာအတွက်ကျောင်းစရိတ်လုပ်ခဲ့ရသည်။ဒီနှစ်တော့ လူကောင်လေးကလည်း နည်းနည်းဖွံ့ဖြိုးလာပြီဖြစ်တာကြောင့် အရင်လိုရေခဲချောင်းမရောင်းတော့ဘဲ အဖေနဲ့အတူ နေ့တစ်ပိုင်းပန်းရံလိုက်ဖြစ်သည်။ဘယ်လောက်ပဲ ဆယ်ကျော်သက်အရွယ်မို့ ဖွံ့ဖြိုးလာသည်ဆိုဦးတော့ အဖေတို့နည်းတူတော့ အပင်ပန်းမခံနိုင်ပေ။ဒါ့ကြောင့် အဖေကလည်း ကျွန်တော့်ကို နေ့တစ်ပိုင်းပဲအလုပ်ဆင်းရန် ပန်းရံခေါင်းဆောင်ဆီမှာပြောပေးထားသည်။ထိုမှ နေ့တစ်ပိုင်းလုပ်ပြီး အိမ်ပြန်လျှင် ညနေဈေး၌ အမေဈေးထွက်ရန် ပြင်ဆင်ပေးရသည်။ကြားအချိန်တွေမှာတော့ ညနေ အဖေနဲ့အမေ အလုပ်ကပြန်လာရင် မိသားစုသုံးယောက် ထမင်းလက်ဆုံစားရဖို့ ထမင်း၊ဟင်းချက်ရသည်။ထမင်းစားပြီးချိန်မှာတော့ဖြင့် မနက်ခင်းဈေးမှာ အမေဈေးထွက်ရဖို့ ကုန်စိမ်းတွေပြင်ပေးရပြန်သည်။အဖေ မနက်ဖြန်အလုပ်ကိုယူမည့် ပစ္စည်းများကိုလည်း ဖာထေးရာများနှင့်ခပ်နွမ်းနွမ်းဟောင်းနေပြီဖြစ်သော လွယ်အိတ်ထဲသို့ စနစ်တကျထည့်ပေးရသည်။ပြီးရင်တော့ ဘုရားရှိခိုး…မိဘနှစ်ပါးကိုကန်တော့ပြီး အိပ်ရာဝင်သည်။ဒါကျွန်တော့်ရဲ့ တစ်နေ့တာဘဝဖြတ်သန်းမှုအတိုချုပ်ပါပဲ။

ချင်းတွင်းသက်သေနှင့်အခြားဝတ္ထုတိုများ(ချင်းတွင်းသက်သေနှင့်အခြားဝတ္ထုတိုများ)Donde viven las historias. Descúbrelo ahora