"ငါလေ...ငါ့ကိုယ်ငါထက် မောင့်ကိုပိုသိပ်ချစ်တာပဲ "
"အင်း.."
ဆိုဖာပေါ်ထိုင်ရင်း နှစ်ယောက်သားအတူ တီဗီထိုင်ကြည့်နေရာမှ ငါ့ရဲ့အလေးအနက်ပြောတဲ့စကားအား မောင်က "အင်း"တစ်လုံးဖြင့်သာ တုန့်ပြန်သည်။
တီဗီကြည့်မပျက်သည့် မောင့်ရဲ့မျက်၀န်းတွေက ငါ့ထံရောက်မလာ။ ငါ့စကားတွေက ရုပ်ရှင်ကားလောက်တောင် မောင့်အတွက် အရေးမပါတော့ဘူး ထင်ပါရဲ့..
ရုပ်ရှင်ဇာတ်ကားအား စိတ်၀င်တစားကြည့်နေသည့် မောင့်မျက်နှာလေးအား ငါငေးကြည့်နေမိတယ်။စတွေ့တုန်းကအတိုင်း ချောမောနေတဲ့ မောင်ဟာ ငါ့ရဲ့နားခိုရာလေးပါပဲ ။ ငါ့ကိုပဲ အမြဲကြည့်နေပါ့မယ်ဆိုတဲ့မောင်က သူပြောခဲ့တဲ့စကားတွေကို မေ့သွားပြီထင်ပါရဲ့..
*မောင်...ငါ့ကိုချစ်သေးရဲ့လား*
အဲ့စကားကို စိတ်ထဲကနေ မောင့်ကိုမေးမိတာ အကြိမ်ကြိမ် ။ အပြင်မှာတော့ ငါမမေးရဲဘူး။ခပ်ညိုညိုမောင့်နှုတ်ခမ်းတွေက ထွက်လာတဲ့ စကားလုံးတွေဟာ ငါလိုချင်တဲ့ အဖြေမဟုတ်ခဲ့ရင် ငါပဲရင်ကျိုးရမှာ မဟုတ်လား။ သိသာလာတဲ့ မောင့်ရဲ့အပြုအမူတွေကို ငါမသိဟန်ဆောင်နေတုန်းပဲ ။
အတူနေပြီး ၁၀နှစ်အကြာမှာ ပြောင်းလဲသွားတာတွေအများကြီးပဲ ။ ငါတို့နေတဲ့ အိမ်ကအစ မောင်ရဲ့အပြုအမူတွေအဆုံး။ ဒီအကြောင်းတွေလည်း များများစားစားငါမတွေးချင်ပါဘူး။ အနည်းဆုံးတော့ မောင်က ငါ့အနားမှာရှိနေသေးတယ်မှတ်လား။ မျက်နှာချောချောအားငေးကြည့်နေမိရင်း တွေးမိတာတွေက အများကြီးပဲ။
"တင်.."
တီဗီကြည့်နေရင်း ရုတ်တရက် မောင့်ဖုန်းက message၀င်တာလာတယ်။ တစ်စောင်ထဲမဟုတ်ပါဘဲ အစောင်ပေါင်းများစွာ။မောင်က ဖုန်းကိုတစ်ချက်ကြည့်ကာ တီဗီပြန်ကြည့်နေ၏။ မောင့်မျက်၀န်းတွေက လှုပ်ခတ်သွားတယ်ဆိုတာ မောင့်ကိုအမြဲကြည့်ကြည့်နေတဲ့ ငါကသိတယ်။ငါထင်တာမမှားဘူးဆိုရင် ခဏနေမောင်ဟာ ငါ့ကိုထားပြီး တစ်စုံတစ်ယောက်ဆီထွက်သွားတော့မယ်။
"Ringing..."
messageတင်မဟုတ် ဖုန်းပါမြည်လာတဲ့ မောင့်ဖုန်းကြောင့် မောင်က လှုပ်လှုပ်ယွယွဖြစ်သွားတယ်။ အမြဲတမ်းအလုပ်တွေနဲ့ အချိန်ဖြုန်းနေသည်မို့ ဒီနေ့တော့ငါ့အတွက် အချိန်ပေးပါလို့ မောင့်ကိုငါတောင်းဆိုထားတာကြောင့် မောင်က ငါ့ကိုအားနာသလို တစ်ချက်ကြည့်လာတယ်။