"ကြက်ပေါင်းခေါက်ဆွဲ တစ်ပွဲဘယ်လောက်လဲ"
"၁၂၀၀"
"ကြက်ဥနဲ့ဆိုရင်ရော.."
"၁၅၀၀"
"ဟ...ဈေးများလိုက်တာကွ၊ ကြက်ဥက တစ်လုံးသုံးရာတောင် ပေးရလို့လား။ မင်းတို့ဆိုင်က သက်သက်အမြတ်ကြီးစားတာပဲ"
"ဘာဗျ။ ကျတော်တို့ဆိုင်က ဒီတစ်ရပ်ကွက်လုံး ဈေးအသက်သာဆုံးပဲနော်။ မယုံရင် ကြိုက်တဲ့နေရာ သွားစုံစမ်းကြည့်လို့ရတယ်"
"တစ်ရပ်ကွက်လုံးလည်း မင်းတို့တစ်ဆိုင်ထဲရှိတာကို ဘယ်ကိုသွားစုံစမ်းရမှာလဲ"
"အဲ့ဒါဆိုလည်း ဝယ်မှာဖြင့်ဝယ်လေ။ ဘာလို့ရစ်နေသေးလဲ"
"ဟဲ့...သောက်သောက်၊ ဆရာလေးကို ဘယ်လိုတွေပြန်ပြောနေတာလဲ"
ဆက်ပြောမဲ့ ရန်စကားတို့က အိမ်နောက်က မေမေ့အော်သံကြောင့် လည်ပင်းဝမှာရပ်တယ်။ ရှေ့ကဘုဂလန့်ကြီးအား စိတ်ဆိုးစွာ မျက်စောင်းရွယ်ရင်း
"ကဲ... ယူမှာလား။ မယူဘူးလား"
"အင်းပေါ့လေ။ ကိုယ်တိုင်မဥနိုင်တော့လည်း မင်းတို့ပြောတဲ့ဈေးပေါ့။ ကိုယ့်ကို၂ပွဲထည့်ပေး။ မေတ္တာတွေပိုထည့်ပေးလဲ စိတ်မဆိုးဘူးသိလား"
ယူတာတောင် အပေါ်စီးက အသားယူပြီးပြောနေတဲ့ လူ့ဂွစာကြီးစကားကို မကြားချင်ယောင်ဆောင်ပြီး ကြက်ပေါင်းခေါက်ဆွဲသာ အမြန်ပြင်ပေးလိုက်တယ်။
ဒါတောင် "မေတ္တာတွေပိုထည့်ပါဆိုတာကို၊ ကလေးက သိပ်ကပ်စီးနဲတာပဲ"ဆိုပြီး တိုးတိုးလေး ပြောသွားသေးတယ်။
ကိုယ့်မှာ ပြန်ပြောချင်တာများ ပါးစပ်ကိုယားလို့။ဒါပေမဲ့ မေမေ ခေါက်ဆွဲအိုးကိုင်ပြီး အိမ်ရှေ့ထွက်လာတာမြင်လို့ ငြိမ်နေလိုက်ရတာ။ လူတွေက ဂဏန်းညှပ်တာကျမမြင်ဘူး။ မိအေးအော်တော့မှ ဝိုင်းပြီးအပြစ်ပြောချင်ကြတာ။
မေမေတို့ဆိုလည်း အဲ့လူကြီးကို ဘာတွေလေးစားလို့ လေးစားနေမှန်းမသိ။ သူ့ဟာသူ စာအုပ်တိုက်မှာ ဝင်လုပ်လို့ အယ်ဒီတာဖြစ်တာကို ဆရာလေး ဆရာလေးနဲ့ ပါးစပ်ဖျားကမချဘူး။
YOU ARE READING
ကောင်းကင်မှာ အညိုရောင်တိမ်တိုက်ကလေးတွေရှိတယ်(one short)
Short StoryFBပေါ်တင်ထားတဲ့ ဝတ္ထုတိုတွေ၊စာစုရှည်တွေကို ဒီမှါအကုန်ပေါင်းတင်ပေးပါမယ် #poe_nyo🐌