Unicode
အချိန်သည် ည ၈ နာရီထိုးနေလေပြီ။ ထို့ကြောင့် ဝေလင်းရှိန် ခပ်သွက်သွက်ရေမိုးချိုးလိုက်သည်။ Bathrobe တစ်ထည်ပတ် ထွက်လာတဲ့ အခါ သူရိန်က မှန်ရှေ့ရပ်ကာ spray တစ်ဗူးနှင့် ဆံပင်သနေ၏ အဆင်သင့်ဖြစ်လုနီးပါးဖြစ်နေသည့် သူရိန်က coat တစ်ထည်သာထပ်၀တ်ရန်ကျန်တော့ ပုံပင်။ အတော်အချိန်ယူပြင်ဆင်ထားပုံပေါ်သည့်ကောင်လေးကိုတစ်ချက်ကြည့်ရင်း အိပ်ယာပေါ် ဝေလင်းရှိန်အတွက်ထုတ်ထားပေးသည့် suit ကိုကြည့်မိသည့်အခါ သဘောတကျပြုံးလိုက်မိ၏
စုံတွဲပွဲတက်သည့်အခါ အရောင်ဆင်တူ၀တ်ရင်၀တ် မ၀တ်ရင် opposite ဖြစ်သည့်အရောင်ကိုသာတွဲကြသည်ချည်း။ သို့သော်သူရိန်ထုတ်ထားသည်က ဝေလင်းရှိန် အတွက် ချော့ကလက်ရောင် suit ဖြစ်ပြီး သူကိုယ်တိုင်အတွက် မိုးပြာရောင် suit ဖြစ်၏ ဝေလင်းရှိန်အတွက်အလိုက်ဆုံးဟုထင်သည့်အရောင်နှင့် သူ့အတွက်အကြိုက်ဆုံးအရောင်ကို ရွေးထုတ်ထားသည့်ကလေးငယ်သည် coat ထပ်၀တ်လိုက် သည့်အခါ ရှိုးအပြည့်ပြင်ဆင်ပြီးသွားပေပြီ။
*မင်္ဂလာပွဲတက်တဲ့အခါ အဓိကလူနှစ်ဦးထက်ပိုထင်ပေါ်စေပြီး ပိုလှစေတာမျိုး မ၀တ်ရတာက ယဥ်ကျေးမှုတစ်ခုပဲသူရိန်.....အဲ့ဒါကြောင့် မင်္ဂလာပွဲတက်အ၀တ်အစားရွေးတဲ့အခါ အရမ်းအရောင်တောက်တောက်တွေ ထင်းထွက်နေစေတာမျိုးတွေ ၀တ်လို့မရဘူး။ ကိုယ်တက်မယ့် ပွဲနဲ့ကိုက်ညီတဲ့ ၀တ်စုံမျိုးကိုပဲသေသေသပ်သပ်၀တ်ရင်ရပြီ* လို့ပြောပြစဥ်ကာ ခေါင်းတညိမ့်ညိမ့် စဥ်းစားနေပုံပေါ်သည့်ကောင်လေးက ထို၀တ်စုံ ၂ စုံရွေးဖို့ ဗီရို တစ်လုံးလုံးမွှေထားရသည်မှာ သေချာသလောက်ပင်။
ကလေးငယ်ရွေးထုတ်ထားသည့် ပွဲတက် suit 2 စုံသည် တွဲစပ်လို့မရသည့် အရောင်နှစ်ခုပေမယ့်တကူးတက မပြောဖြစ်တော့။ ဝေလင်းရှိန်သည် သူရိန်နှင့်သက်ဆိုင်မှုကိုအင်္ကျီ အရောင်နှင့်ဖော်ပြမည်မဟုတ်သောကြောင့်ပင်။
"ဦးဝေ ..... သားပြီးပြီ"
"ခနထိုင်နေ သူရိန်.....ကိုယ်မကြာဘူး"
"ဟုတ်"
ကိစ္စတစ်ခုနှင့် အလုပ်ပြန် အနည်းငယ်နောက်ကျသည်ကြောင့် ဝေလင်းရှိန် ခပ်သွက်သွက်လုပ်နေရသည်။ ဝေလင်းရှိန်လုပ်သမျှ မျက်လုံးလေး၀ိုင်းကာလိုက်ကြည့်နေရင်းမှ အ၀တ်အစားလဲသည့်အခါ ကျောပေးထိုင်လိုက်သည့် ကောင်လေးကြောင့် ပြုံးမိသွားသေး၏ မိုးပြာရောင် suit လေးက ဒီကောင်လေးကိုယ်ပေါ်ရောက်မှ အရောင်ပိုတောက်လာသလိုပင်။