Chapter 6 (ဇာတ်သိမ်း)

398 72 3
                                    

Unicode Version

အိမ်ရှေ့မှ တစ်စုံတစ်ရာ ကျကွဲသည့် အသံကျယ်ကျယ်ကြောင့် မီယာမုရာ ဖုန်းကို မြန်မြန် စကားဖြတ်လိုက်သည် ။

"ဖူဂျီဆာကီ ဒါပဲနော်..  ငါပြောတဲ့အတိုင်းပဲ .. ငါနောက်မှ ထပ်ဆက်လိုက်မယ်"

သူအိမ်ရှေ့ဆီ ကပျာကယာ ထွက်လာခဲ့ချိန် ကြမ်းပြင်ပေါ်က ဖန်ကွဲစတွေကို သတိလက်လွတ်ကောက်ယူနေသော တကုမိကို တွေ့လိုက်ရ၏ ။

"တကုမိ!"

တကုမိ၏ လက်ကို သူအလျင်အမြန်ဆွဲယူလိုက်ပေမယ့် သူ့ လက်ချောင်းမှာ သွေးစတို့ ဆို့နေပေပြီ ။

" မင်းဘာလို့ ဒီလောက်တောင် သတိမထားရတာလဲ !?"

ရုတ်တရက်ကြီး ထအော်လိုက်သည့် စာရေးဆရာကြောင့် တကုမိ ခမျာ အငေါက်ခံရသည့် ပါပီပေါက်လေးပမာ ကိုယ်လုံးကို ကျုံ့လိုက်မိသည် ။ စာရေးဆရာက သူ့ရဲ့ သွေးစို့နေသည့် လက်ချောင်းလေးကို ဖြတ်ခနဲ ဆွဲယူပြီး ငုံထွေးထားလိုက်​၏ ။

စပ်ဖျဉ်းဖျဥ်း ခံစားနေရသည့် လက်ချောင်းထိပ်လေးဟာ အာငွေ့ကြောင့် ချက်ချင်း နွေးသွားရသည် ။ သူ​၏လက်ချောင်းထိပ်လေးမှ ခံစားမိနေသည့် စာရေးဆရာ​၏ လျှာဖျားလေး ။ ထိုလျှာဖျားလေး​၏ အထိအတွေ့ကြောင့် တကုမိခမျာ ရင်ခုန်သံတွေကို ချွန်းအုပ်မရနိုင်ဖြစ်လာပြီး ချွေးပြန်လာချေတော့သည် ။

"ဆဲန်း.."

"တော်သေးတယ် ဒဏ်ရာက အရမ်းမနက်ဘဲ သွေးမြန်မြန် တိတ်သွားလို့ တော်သေးတယ်..."

သူဟာသူ ဘာလုပ်မိမှန်း ရိပ်မိပုံ မရသေးတဲ့ စာရေးဆရာဟာ သူငုံထွေးထားတဲ့ တကုမိ လက်ချောင်းလေးကို ပြန်ထုတ်လိုက်ပြီး သေချာကြည့်ရင်း စိုးရိမ်ဟန်ဖြင့် ဆိုပြန်သည် ။ ထို့နောက် ကပျာကယာ အိမ်ထဲဝင်သွားပြီး ဆေးသေတ္တာပေါက်စလေးနှင့် ပြန်ထွက်လာကာ တကုမိ ဒဏ်ရာကို ဆေးထည့်ပေးပြီး ပလာစတာလေးကပ်ပေး၏ ။ ပြီးမှ သူဘာတွေလုပ်မိသည်ကို သတိထားမိသွားဟန်တူသည် ။ ရုတ်ချည်းဆိုသလို စာရေးဆရာ၏ မျက်နှာထားက တောင့်တင်းသွားပြီး လှုပ်ရှားမှုတွေက ဂျန်းဖြစ်သွားသည့် စက်ရုပ်တစ်ရုပ်လို ဆတ်တောက်ဆတ်တောက် ဖြစ်သွားလေတော့သည် ။

Because of youМесто, где живут истории. Откройте их для себя