🔰 Unicode 🔰
_အားးးးးး
_သေပါပြီ မကြီးရေ
_ဟာ
Group chatbox ထဲဆက်တိုက်ဆိုသလိုဝင်လာတဲ့ စာတွေ။ ကျွန်တော် ဘာပြောမိလို့လဲ ပို့ထားတဲ့စာကို ပြန်ဖတ်ကြည့်ရ၏။
_My bf forced me to draw
သေစမ်း! အလျင်အမြန်ကောက်ဖျက်လိုက်ပေမယ့် unsent everyone မဟုတ်ဘဲ unsent for me သာရွေးလိုက်မိသည်။ ပိုဆိုးသွားပြီ။ ညနက်နေပြီဆိုပေမယ့် Gp ထဲလူစုံနေကြ၏။
_bf ဆိုတာ best friend လည်းဖြစ်နိုင်တာပဲလေ
ကိုဖြိုးက ဝင်ဖျန်ဖြေသည်။ ပြောရရင် ကိုဖြိုးက ကျွန်တော်တို့လိုမျိုး လိုင်းတူသည်။ နောက်ထပ် အဖွဲ့ဝင်ကိုအာကာကတော့ နားလည်စွာငြိမ်သက်နေပေးသည်။
_တော်လိုက်ဇမ်း ငါ့မောင်ကလေး ကိုဖြိုး။ ဘယ်သူက best friend ကို ရေးကြီးခွင်ကျယ်လုပ်ပြီး စကားထဲထည့်ပြောလို့လဲ။
ပထမဆုံး "အားးးးး"ဆိုပြီး အော်သည့်အစ်မ။ အစ်မရဲ့ ချေပစကားကြောင့် Gp က ပြန်လည်တိတ်ဆိတ်သွားသည်။
_အေ့လေ အေ့လေ
အစ်မကိုထောက်ခံနေတာက သေပါပြီမကြီးရေလို့ ပို့တဲ့ငတိမလေး။ အင်း ခက်တော့ ခက်ပြီ။ ကျွန်တော်ဆိုတာလည်း အစပဲဆွဲထုတ်တတ်တာ ဖြစ်လာရင် ဘာမှမရှင်းတတ်။ တမင်ဖုံးကွယ်ထားတာ မဟုတ်ပေမယ့် ဒါက လူတိုင်းကိုလိုက်ပြောပြနေလို့လည်း အဆင်မပြေတဲ့ကိစ္စ။ ဘယ်လောက်ပဲပွင့်လင်းမြင်သာလက်ခံလာတဲ့လူတွေရှိလည်း ကန့်သတ်ချက်တွေဘောင်တွေဆိုတာရှိနေဆဲ။
သန်းခေါင်ကျော်တစ်နာရီ။ ကျွန်တော့်စာတစ်ကြောင်းကြောင့် Gp chat က ဂယက်ထနေဆဲ။ ဒါတောင် နောက်ထပ်ငနဲမလေးတစ်ယောက် စောစောအိပ်သွားလို့။ ဒီနေ့ညမှ Page founder အစ်မလည်းရှိမနေ။ ဒီအသိုင်းအဝိုင်းကို နားလည်ထောက်ခံပေးကြတဲ့ ရာခိုင်နှုန်းထက်ဝက်က အမျိုးသမီးတွေဆိုတော့လည်း။ ဘယ်လောက်ပဲ လူငယ်လူရွယ်တွေဖြစ်ဖြစ် မိန်းကလေးဆိုတဲ့ဖြစ်တည်မှုကြောင့်ပဲ မိခင်စိတ်ဆိုတာမျိုး အသွေးအသားထဲထိရှိနေကြတာများလား။ မျက်နှာပူရတာနဲ့ထပ်တူ ကျေးဇူးလည်းတင်ရသည်။
