Zawgyi**
" နေရာကတော့မဆိုးပါဘူး.... ပြည်ချစ်ဘုရားနဲ့လည်းနီးတော့ အဆင်လည်းပြေတယ်... ပိုင်ရှင်ကရော ရောင်းမှာသေချာလား "
" သေချာပါတယ်... ကိုနေဝင်ဆည်းဆာ ကြိုက်တယ် ဆိုရင် ပိုင်ရှင်နဲ့ တစ်ခါတည်း ချိတ်ပေးပါမယ် "
" ကောင်းပြီလေ... ဒါဆိုဒီနေ့သွားတွေ့လို့ အဆင်ပြေမလား "
" ပြေပါတယ်... ဒါဆို ကျွန်တော်တို့သွားကြတာပေါ့ "
" အင်း "
ဆည်း တစ်ယောက် ဘိုးဘွားရိပ်သာအတွက် မြေနေရာလာကြည့်နေခြင်းပင်။ မနေ့ညနေက အိမ်ခြံမြေအကျိုးဆောင် ဌာနက သင့်တော်သည့် မြေနေရာ ရှာတွေ့ပြီဟု ဖုန်းဆက်လာသောကြောင့် လွှမ်းနှင့်အတူ ကလောမလိုက်ခဲ့ခြင်း။ လွှမ်းကတော့ အလုပ်ကိစ္စချိန်းဆိုထားခြင်းဖြစ်၍ ရွှေ့၍မဖြစ်တာကြောင့် ဆည်းတစ်ယောက်တည်းလာခဲ့ရခြင်း ဖြစ်ပါ၏။
ဆည်း၏ Jeep ကားလေးက အကျိုးဆောင်ဌာနမှ ကိုစိုးအောင် ၏ အကူညီဖြင့် မြေပိုင်ရှင်၏ အိမ်သို့ရောက်ခဲ့ပါ၏။ အိမ်လေးက နှစ်ထပ်တိုက်ကလေးဖြစ်ပါ၏။ ကားကအိမ်ရှေ့ရောက်တော့ အသက် ၅၀ ခန့်ရှိမည့် ဦးလေးကြီးနှင့် အဒေါ်ကြီးက ထွက်ကြိုပါ၏။ ထို့နောက် သူ့အားဧည့်ခန်းထဲခေါ်သွားကြသည်။
" ဦးလေး... ဒီညီလေးက ဦးလေးတို့ မြေကွက်ကို ဝယ်ဖို့ လာကြည့်တာပါ "
ကိုစိုးအောင်က သူ့အား မြေပိုင်ရှင် လင်မယားဖြင့် မိတ်ဆက်ပေးပါ၏။
" ဟုတ်ကဲ့... တွေ့ရတာဝမ်းသာပါတယ်... ဦးနာမည်က ဦးအောင်မြတ်ပါ... ဒါက ဦးဇနီး ဒေါ်မြမူတဲ့ "
" ဟုတ်ကဲ့... ကျွန်တော် နေဝင်ဆည်းဆာပါ... ဦးကြီးတို့က ဒီမြေကွက်ကို ရောင်းမှာသေချာလား... မြေကွက်ကရောစာရွက်စာတမ်းတွေ အပြည့်အစုံရှိရဲ့လား.. အရှုပ်အရှင်းလည်း ကင်းပါတယ်နော် "
ဆည်း လောကွတ်တွေဘာတွေလုပ်မနေဘဲ သိချင်သည်ကိုသာ အရင်မေးမြန်းလိုက်ပါ၏။ မေးပြီးမှအားနာသွားရသည်။ သို့သော် မြေပိုင်ရှင် ဦးလေးက စိတ်မကွက်၍တော်ပါသေး၏။
" ကင်းပါတယ်ကွယ်... ဦးတို့က အစကတော့ လိမ္မော်ပင်စိုက်မလို့ ဝယ်ထားတာ... နောက်တော့ သားကြီးက ရန်ကုန်မှာပဲ တခြားစီးပွားရေးလုပ်ချင်တယ်ဆိုလို့ ရောင်းဖို့ဆုံးဖြတ်လိုက်တာ "
YOU ARE READING
Twilight ( Zaw+ Uni )
RomanceZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "