"အောင်မြင်မှုဆိုတာ ဘာလဲ။ အောင်မြင်မှုဆိုတာကို ဘာနဲ့တိုင်းတာကြသလဲ။ အောင်မြင်မှုက ဘယ်လောက်အထိ လူ့ဘ၀မှာ အရေးပါ ပါသလဲ။
ဒီနေ့ခေတ် ကြိုးစားနေဆဲ လူငယ်တွေအတွက်ကတော့ ဒီမေးခွန်းဟာ မကြာခဏ မေးတတ်ကြ၊ တွေးတောတတ်ကြ၊ အင်တာနက်ပေါ်မှာ ရှာဖွေတတ်ကြတဲ့ အသိချင်ဆုံး မေးခွန်းတစ်ခု ဖြစ်ပါလိမ့်မယ်။ တစ်ခါတရံ အရမ်းခက်ခဲလွန်းလို့ အားလုံးကို လွှတ်ချပစ်ချင်လာတဲ့အခါ ကိုယ်သဘောကျတဲ့ အောင်မြင်သူတစ်ဦးရဲ့ ဘ၀ကို ဖြတ်သန်းခဲ့ရပုံတွေကို ကြားခဲ့ရရင် ခွန်အားတွေ ဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်။
အဲ့ဒီအတွက် ဒီနေ့မှာတော့ ဒီအကြောင်းအရာတွေကို ဖြေကြားပေးဖို့အတွက် လူငယ်တော်တော်များများရဲ့ရှေ့ဆောင်၊ အောင်မြင်တဲ့ ဘ၀တစ်ခုကို ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုင်ဆိုင်ထားတဲ့ နာမည်ကျော် Tennis ကစားသမား Polaris ကို ဖိတ်ခေါ်ထားပါတယ်ရှင်"
"အားလုံး မင်္ဂလာပါ"
Radio programme မှ ကြည်လင်စွာ ထွက်ပေါ်လာသော အသံမှာ ရုပ်မမြင်ရသည့်တိုင် ဆွဲဆောင်မှုတစ်ခုကတော့ ရှိနေ၏။ ဤသည်မှာ Polaris ၏ ထူးခြားချက်ပင် ဖြစ်သည်။
ရယ်မိလိုက်ပြီးနောက် ပန်းသီးဖျော်ရည်ကို မော့သောက်လိုက်သည်။ အမေးအဖြေကဏ္ဍ ရောက်သည့်အခါတွင်တော့ Volume ကို တိုးရင်း ဆိုဖာပေါ်သို့ လှဲချလိုက်၏။
ဖြေခဲ့တုန်းက သူ့ခေါင်းထဲမှာ ဘာအတွေးတွေရှိခဲ့သလဲ သူကိုယ်တိုင်ပင် မသိ။ မန်နေဂျာပြင်ပေးထားသည့် စာကို မတိုင်ခင်ညက ဖတ်ထားပြီးနောက် မေးခွန်းပေါ်လိုက်၍ အသင့်အတင့်ဖြေခဲ့ခြင်းသာ။ အကယ်၍ သူကိုယ်တိုင်၏ ခံစားချက်များကိုသာ လွတ်လွတ်လပ်လပ် ပြောပါဆိုလျှင် သူဘာတွေများ ပြောမိလိမ့်မှာလဲ...။
"Boss ဒီနေ့ Schedule"
မန်နေဂျာက ခြေထောက်ကို ဖော့နင်းလာသော်လည်း သူ့အနား၌ ရပ်နေမှန်း မျက်လုံးဖွင့်မကြည့်ဘဲ သိနေသည်။
ကောင်လေးက တကယ်ကို တော်ပါ၏။ စိတ်ပါ၍ဖြစ်စေ၊ စိတ်မပါ၍ဖြစ်စေ နာမည်ကြီးမှုကြောင့် ကမ်းလှမ်းလာသည့် ကုမ္ပဏီပေါင်းစုံများထဲမှ သူနှင့်လိုက်ဖက်သော၊ သူသဘောကျမည်ထင်သော အရာများကိုသာ လက်ခံသင့်လျှင် လက်ခံပြီး ကျန်အရာများကို အလိမ္မာလေးနှင့် ငြင်းတတ်သည်။
YOU ARE READING
Your Popularity is My Calamity { Completed }
Short Storyမြောက်အရပ်က အလင်းဆုံးကြယ်ဟာ ဘာလဲလို့ မေးရင် လူတိုင်းက ဓူဝံကြယ်လို့ ဖြေကြလိမ့်မယ်။ ဒါဆို တောင်အရပ်က ကြယ်ကိုရော ခင်ဗျားတို့ သိသလား ? Start Date - 4/ 11/ 2021 End Date - 3/ 12/ 2021