အပိုင်း - ၂၉
( ဇာမဏီငှက်မဟုတ်ခဲ့ဘဲ
လွမ်ငှက်သာလျှင် ဖြစ်ချေသည် )ဝူးရှီးက ဘေးနားရှိထိုယောက်ျားအား သတိကြီးစွာ အကဲခတ်ကြည့်လိုက်ကာ ကျင်ချီးအား လှမ်းမေးလိုက်၏။
"အရှင့်သားမူးနေတာမဟုတ်ဘူးလား"
"နည်းနည်း၊ ဒါပေမယ့် ဘာမှမသိလောက်အောင်တော့ မူးမနေဘူး"
ကျင်ချီးက ခပ်စုတ်စုတ်ထိုင်ခုံဟောင်းတစ်ခုပေါ်တွင် သက်တောင့်သက်သာ ထိုင်နေလျက်ရှိသည်။ ထို့နောက် သူ့ဘေးနားတွင်ရပ်နေသော ယောက်ျားကြီးအား လက်ညှိုးညွှန်ပြလိုက်ကာ -
"ဒီတစ်ယောက်က လူကြီးမင်းလူတဲ့၊ ကျစ်ရှူးရဲ့လူ"
' လူကြီးမင်းလူ' ဆိုသူက ဝူးရှီးအား အမြန်နှုတ်ဆက်လာသည်။
"ကျွန်တော်မျိုးကိုယ်တိုင်ပဲ မိတ်ဆက်လိုက်ပါရစေ၊ နတ်ဆေးဆရာလေး။ အရှင့်သားက ကျွန်တော်မျိုးကို အမွှန်းတင်လွန်းနေတာပါ။ ဒီငယ်သားနာမည်က လူယွီ့ပါခင်ဗျာ၊ ကျွန်တော်မျိုးတို့ရဲ့ ေခါင်းဆောင်ကြီးအတွက် အမှုကိစ္စတစ်ချို့ဆောင်ရွက်ပေးရရုံပါ"
ဝူးရှီးက ကျင်ချီးအား ကြည့်လာ၏။ ထိုအကြည့်ထဲတွင် သံသယများရှိနေလျက်။
"ဘာတွေ ဖြစ်ခဲ့လို့လဲ"
ကျင်ချီးလည်း ပြန်လည်ဖြေဆိုလာသည်။
"လူကြီးမင်းလူ၊ ခင်ဗျားပြောမယ့်စကားတွေကို နားထောင်ကြည့်ရအောင်ပါ"
လူယွီ့က " ဟုတ်ကဲ့ "ဟု သဘောတူလိုက်ကာ သူတို့အား စတင်ရှင်းပြလာသည်။
"အတော်လေးတော့ ကြာခဲ့ပါပြီ၊ ခေါင်းဆောင်ကြီးက ကျွန်တော်မျိုးကို မှော်နက်ဆရာတွေအကြောင်း တိတ်တဆိတ်စုံစမ်းဖို့အတွက် အမိန့်ပေးလာခဲ့ပါတယ် ။ ဒီလိုနဲ့ပဲ သိပ်မကြာခင်တုန်းကမှ သူတို့ခြေရာကို ကောက်နိုင်ခဲ့ပြီး သဲလွန်စတစ်ချို့ရလာခဲ့ပါတယ်"
"သူတို့တွေ ဘယ်မှာရှိနေတာလဲ"
ဝူးရှီး၏မျက်နှာထားက တည်ကြည်သွားသည်။ သူ၏အကြည့်များမှာ ကြမ်းတမ်းခက်ထန်ကာ စူးရှပြတ်သားနေခဲ့သည်။ ထိုအခိုက်အတန့်အတွင်းဝယ် လူယွီ့မှာ ထိုလုလင်ပျိုထံမှ အကြည့်များကို အလိုအလျောက် ရှောင်လွှဲမိလိုက်၏။
YOU ARE READING
အရှင်ခုနစ် [ Completed ]
Historical Fictionချစ်ခြင်းတစ်ခုကြောင့် ခုနစ်ဘဝခုနစ်လီ ကျင်လည်ခဲ့အပြီး နောက်ဆုံးခုနစ်ဘဝမြောက်မှာ ပထမမြောက်ဘဝကို ပြန်ရောက်လာတဲ့ ကျင်ပေယွမ်းဟာ အရင်ဘဝရဲ့ လမ်းဟောင်းအတိုင်းမဟုတ်ဘဲ ရွေးချယ်မှုအသစ်တွေ ပြုလုပ်ခဲ့တယ်။ ဒီရွေးချယ်မှုအသစ်တွေက သူ့ကို အသေဆိုးနဲ့ စောစောစီးစီး မသေရ...