Intro

106 5 0
                                    

"ဂုဏ်ယူပါတယ် ကိုယ်ဝန် ၄ ပတ်ရှိပါပြီနော်"

ဒေါက်တာ့ဆီက ခပ်ပြုံးပြုံးပြောလာသည့်စကားကြောင့် အံ့သြပျော်ရွှင်ရသူက ဦးမင်းသန့်စင်နဲ့ ဒေါ်ကြည်ပြာနွယ်သာ။ သူတို့လင်မယားနှစ်ယောက် သားသမီးရတနာလိုချင်ခဲ့ကြတာ ဘယ်လောက်တောင်ကြာနေပြီလဲ။ အခုတော့ သူတို့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီ။

အိမ်အပြန်လမ်းတစ်လျှောက်လုံး Resultစာရွက်လေးကိုကြည့်ပြီး နှစ်ယောက်သားမှာ တပြုံးပြုံး။

"နွယ် ဒီနေ့ကစပြီး ကိုယ်နဲ့ဆေးခန်းကို မလိုက်နဲ့တော့နော် ကိုယ့်မိန်းမက အိမ်မှာပဲ နားနားနေနေနေတော့ အိမ်အလုပ်တွေလည်း အရမ်းမလုပ်နဲ့ မေမေတို့လည်း အရမ်းဝမ်းသာသွားတော့မှာပဲ"

နယ်မြို့လေးတစ်မြို့မှာ တိကုဆေးခန်းဖွင့်ထားတဲ့ ဦးမင်းသန့်စင်တို့က ချမ်းသာတယ်လည်းမဟုတ် ဆင်းရဲတယ်လည်းမဆိုသာတဲ့ အလယ်အလတ်အနေအထားရှိသည်။ ရှားရှားပါးပါးတစ်မြို့လုံးမှာ တိကုဆရာဝန်က ဦးမင်းသန့်စင်တစ်ယောက်တည်းမို့ တစ်မြို့လုံးက သူတို့မိသားစုကို သိကြတဲ့အခြေအနေ။ ပတ်ဝန်းကျင်ကျေးရွာတဝိုက်က နွားနေနေ ဝက်နေနေ ကြက်နေနေ အကုန်ဦးမင်းသန့်စင်ကုပေးခဲ့ရတာချည်း။

"သားလေးလား သမီးလေးလား မသိဘူးနော် အစ်ကို။ နွယ်တော့ သမီးလေးဖြစ်စေချင်သား။ ဒါပေမဲ့ အားကိုးရမယ့် သားယောက်ျားလေးဆိုလည်း ကောင်းတာပဲ"

"သမီးလေးပဲ ဖြစ်ဖြစ် သားလေးပဲဖြစ်ဖြစ် ကိုယ်တို့ချစ်ပေးရမှာပဲလေ အကြာကြီးနေမှ ကိုယ်တို့ဘဝထဲကို ရောက်လာတဲ့ရင်သွေးပဲ"

ဇနီးဖြစ်သူနွယ်ရဲ့ ပုခုံးကို ထွေးဖက်ရင်း ဦးမင်းသန့်စင်ကတော့ သားသားလေးလား မီးမီးလေးလားမသိရသေးတဲ့ ဗိုက်ထဲက ပိစိလေးအတွက် ရင်ခုန်နေခဲ့ပြီ။

----

ပြင်ဆင်ပြီးသား ကလေးငယ်အခန်းကိုကြည့်ရင်း ဒေါ်ကြည်ပြာနွယ်မျက်ရည်ဝဲမိသည်။ မကြာခင် ဒီအခန်းလေးရဲ့ပိုင်ရှင်က မိမိဗိုက်ထဲကနေ ထွက်လာတော့မည်။ ဒီအခန်းလေးထဲမှာ အိပ်၊ ဒီအခန်းလေးထဲမှာ ကစား၊ လေးဖက်ထောက်အရွယ်တောက်တောက်ပြေးအရွယ်။ အို ဒေါ်ကြည်ပြာနွယ်တစ်ယောက် သားသားမီးမီးကို တွေ့ချင်လှပါပြီ။

AlteregoWhere stories live. Discover now