အခန်း ၂
ဆရာမနှင့် နှင်းဆီ
နုငယ်သည် စာမေးပွဲဖြေပြီးပြီးချင်း အိမ်ကိုပြန်ရောက်သည်နှင့် ဖြေပြီးသားမေးခွန်းများကို အဖြေမှန်သလား တိုက်ဆိုင် စစ်ဆေးရန် စိတ်မဝင်စားဘဲ ခြံထဲက နှင်းဆီပင်တွေကိုသာ အလောတကြီး ရေလောင်းနေလေသည်။
နုငယ် မျက်နှာကတော့ ခပ်ပြုံးပြုံးမို့ ဘေးကလူမြင်လျှင် အမှတ်၁၀၀ဖိုး ဖြေနိုင်ခဲ့သည်ဟု ထင်မှတ်စရာရှိနိုင်၏။"နုငယ် သမီးလေး ကြည့်ရတာ ဖြေနိုင်တယ်ထင်တယ် ဟုတ်လား"
အိမ်အပေါ်ထပ် ပြတင်းပေါက်ကနေ လှမ်းအော်နေသော အဖေ့အသံကြောင့် နုငယ် လှမ်းမကြည့်ဘဲ ခေါင်းကိုသာ အားရပါးရညိမ့်ပြလိုက်၏။ အဖေက သမီးဖြစ်သူအတွက် ကျေနပ်အားရလှသည့်အလား အခန်းထဲရှိ အမေ့အား ပြုံးပြုံးရွှင်ရွှင်နှင့် ပြောနေသံကို နုငယ်ကြားလိုက်ရသည်။
"အမေကြီးရေ မင်း သမီးက ဖြေနိုင်တယ်တဲ့ဟ ဂုဏ်ထူးတွေဘာတွေပါမှာထင်တယ်ဟေ့"
"အမလေး လွတ်လွတ်ကျွတ်ကျွတ် အောင်ရင်ကို ကျုပ်က ကျေနပ်ပါတယ်တော် ဂုဏ်ထူးတွေသာ ပါခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့ရှင်"
နုငယ်ကတော့ ထိုစကားများကို အာရုံမထားဘဲ ငွားငွားစွင့်စွင့် ပွင့်အာနေသော သူ့ရှေ့က အနီရောင် နှင်းဆီပွင့်ကြီးကို စိုက်ကြည့်ပြီး ပီတိများ ဝေဖြာလျက်ရှိသည်။ စာမေးပွဲအတွက် အမှတ်ဘယ်လောက်ဖိုးအထိဖြေနိုင်ခဲ့သည်ကို နုငယ်သိပ်စိတ်မဝင်စား၊ သူ့အတွက်တော့ သူဂရုတစိုက်ရေလောင်းထားသည့် နှင်းဆီပင်က အပွင့်လှလှပွင်နိုင်ဖို့က ပို၍ အရေးကြီးသည်ကိုတော့ အဖေရော အမေ့ကိုပါ ရှင်းပြမနေတော့ပါ။
"နုငယ် ဖြေနိုင်လား ကလေး"
"ဟာ ဆရာမ "
ခြံတံခါးကို အသာတွန်းဖွင့်ကာ ဝင်လာသည့် ဆရာမခင်နန်းကို မြင်လိုက်ရသည်နှင့် နုငယ်၏ မျက်လုံးများ ဝင်းလက်တောက်ပသွားသည်။
နုငယ် လက်ထဲက ရေပုံးကို ချထားလိုက်ပြီး ဆရာမဆီ အပြေးလေးသွားကာ လက်မောင်းတို့ကို တွဲခိုလိုက်သည်။ ဆရာမ ပုံခုံးထက်ကို မှီရင်း သခင်မျှော် နေသည့် ခွေးပေါက်ကလေးပမာ အနားကပ်ကာ ပွတ်သီးပွတ်သပ်နှင့် ချွဲနွဲ့နေလိုက်သည်။
YOU ARE READING
နုငယ်ရဲ့ဆရာမ သို့မဟုတ် ဆရာမရဲ့နုငယ်(Completed)
RomanceGL- fiction (Unicode+ Zawgyi) About a student and a teacher ~ No matter what we are or who we are , we all deserve to love or to be loved <3