ဒီနေ့ကား တနင်္ဂနွေပိတ်ရက်၏ နောက်တစ်နေ့၊ သာမန်ကျောင်းဖွင့်ရက်ဖြစ်သော မထူးဆန်းသည့် တနင်္လာနေ့သာ။ သို့သော်လည်း ကျောင်း၀န်းထဲရှိ လူအားလုံးမှာ လက်ထဲတွင် ပန်းစည်းများကိုင်ထားကြပြီး စိတ်လှုပ်ရှားနေကြ၏။ အပြင်ဘက်သို့ ခဏခဏ လှမ်းမျှော်ကြည့်၍လည်း စကားပြောနေကြသေးသည်။ ထိုသူများထဲတွင် ဆစ်ခေါင်လည်း အပါအ၀င်ဖြစ်၏။
ပန်းခြံသို့ မနေ့ကတည်းက တကူးတကသွားမှာထားသော နှင်းဆီပန်းနီနီများသည် သူ့လက်ထဲတွင် အစွမ်းကုန်ပွင့်ကားနေပြီး နှင်းရည်ရထားသောကြောင့်လည်း ရွှန်းစိုနေကြသည်။ မျက်နှာနှင့် ခပ်ဝေးဝေးမှာ ထားထားသော်လည်း ရနံ့သင်းသင်းလေးက ရနေ၏။
သိပ်မကျယ်သည့် နယ်မြို့လေးဖြစ်သောကြောင့် ပိုလာရစ်၏ ပြည်နယ်လက်ရွေးစင်အဖြစ် အရွေးခံရသည့်သတင်းက ဆောင်းလေသယ်ဆောင်ခြင်းခံရသော တောမီးပမာ တစ်ဟုန်ထိုး ပျံ့နှံ့နေသည်။ ထို့အပြင် မြို့ခံများကလည်း တမူထူးကာ တင်းနစ်ပွဲကြိုက်သူများ ဖြစ်နေပြန်၏။ ကျောင်းအတွင်း အပြင်လူမ၀င်ခိုင်း၍သာ တော်တော့သည်၊ မဟုတ်လျှင် တစ်မြို့လုံး ဒီနေရာသို့ ရောက်နေလောက်ပါ၏။ သို့ရာတွင် အတပ်ပြော၍ကားမရ။ ပိုလာရစ်အိမ်ရှေ့၌လည်း ပန်းစည်းများ ရောက်ချင်ရောက်နေလောက်မည်။
အမေးစကားအတွက် ပြန်လာလျှင် ဘာများပြန်ပြောရပါမလဲဟု ခေါင်အကြိမ်ကြိမ်အခါခါ စဉ်းစားခဲ့သည်။ ထို့အတွက် ညကတစ်ညလုံး အိပ်၍ပင် မပျော်ခဲ့။ ထူးဆန်းသော စကားများ ပြောရသည်ကို သိပ်ဘ၀င်မကျသော်လည်း ပိုလာရစ်အပေါ် စိတ်၀င်စားမှု နည်းနည်းရှိသည်ကိုတော့ သူ၀န်ခံပါ၏။ မဟုတ်လျှင် ထိုနေ့က ပါးပြင်ကို ကျီဆယ်ခဲ့သည့် အနမ်းတစ်ပွင့်အား လက်ခံခဲ့မည်မဟုတ်ပေ။ သို့သော်လည်း သဘောကျပါသည်ဟု ၀န်ခံဖို့အထိတော့ သူမရဲသေးပါချေ။
ခေါင်အတွေးများနေစဉ်မှာပင် လူအုပ်ကြီးထံမှ အော်ဟစ်သံတချို့ထွက်လာသည်။ မကြာမီ ထောင့်ချိုးလေးမှ ကျောပိုးအိတ်ကို တစ်စောင်းလွယ်ထားသော လူငယ်တစ်ဦးထွက်လာ၏။ ဖွဲဖွဲကျနေသော နှင်းမှုန်များကပင် သူရောက်လာသည့်အတွက် ရပ်တန့်ပေးရသလို၊ နေအလင်းရောင်ပျော့ပျော့လေးကလည်း အရောင်အဝါ ပိုမိုတောက်ပစေရန် လန်းဆန်းကြည်လင်သော မျက်နှာပေါ်သို့ ထိုးကျပေးလာ၏။
VOCÊ ESTÁ LENDO
Your Popularity is My Calamity { Completed }
Contoမြောက်အရပ်က အလင်းဆုံးကြယ်ဟာ ဘာလဲလို့ မေးရင် လူတိုင်းက ဓူဝံကြယ်လို့ ဖြေကြလိမ့်မယ်။ ဒါဆို တောင်အရပ်က ကြယ်ကိုရော ခင်ဗျားတို့ သိသလား ? Start Date - 4/ 11/ 2021 End Date - 3/ 12/ 2021