"ကိုကို..."
"ကျွတ် ..မင်းလာပြန်ပြီလား "
ဘတ်စ်ကားရပ်စောင့်နေရင်း သူ့နားအပြေးရောက်လာသည့် ကောင်လေးကြောင့် သူနှုတ်ခမ်းတွေက အနည်းငယ်ပြုံးရောင်သမ်းသွားပေမယ့် မျက်မှောင်ကိုသာကြုတ်ထားကာဆိုမိသည်။ အမြဲလိုလို သူရှိတဲ့နေရာတိုင်း ရောက်ရောက်လာတတ်တာ ဘယ်လိုကောင်လေးမှန်းမသိ ။ သူ့ရဲ့ဆူငေါက်မှုတွေအကုန်လုံးကို အပြုံးနဲ့သာတုန့်ပြန်တတ်သည့် ကောင်လေးက ခန္တီပါရမီပြည့်ဝနေလို့တော့ မဖြစ်နိုင်ပါချေ ။
"ဟီး ..."
သူ့ရဲ့ဘောက်ဆက်ဆက် အကြည့်အား မျက်လုံးတွေမှိတ်သွားသည်အထိ ပြုံးပြသည်။ ဒီကောင်လေးနဲ့ နီးနီးကပ်ကပ်မနေချင်တာမို့ သူတစ်ဖက်သို့ အနည်းငယ်တိုးလိုက်၏။ အမြဲလိုလို အကောင်းစာတွေသာ ၀တ်လာတတ်သည့် ကောင်လေးဟာ ဒီနေ့လည်း ကြည့်လိုက်ရုံနှင့် ဈေးကြီးမှန်ူသိသာလှသည့် အင်္ကျီနဲ့ဘောင်းဘီအားဝတ်ဆင်လာသည်။
"ကိုကို ..ကျွန်တော်ကိုင်ပေးမယ်လေ "
ဟင်းချက်စရာတွေထည့်ထားသည့်အိတ်အား ကောင်လေးက သူ့လက်ထဲမှ အတင်းဆွဲယူသည်။ သူမလွတ်ပေးမိဘဲ ပြန်ဆွဲထားမိ၏။ ဘာဖြစ်လို့ သူများရဲ့ပစ္စည်းတွေကို လက်ရဲဇက်ရဲ လိုက်ကိုင်နေရတာပါလဲ ။ သူ့နောက်မလိုက်ပါနဲ့လို့ အတန်တန်ပြောထားပါလျက် ဒီကောင်လေးဟာ သူ့စကားနားမထောင်သလို ပိုပိုပြီးအတင့်ရဲလာသည်။
"မင်းလူလိုနားမလည်ဘူးလား ။ ဘယ်လိုမိဘက ပေါက်ဖွားလာခဲ့လို့ ဒီလောက်တောင်ရိုင်းစိုင်းနေရတာလဲ "
သူ့အသံကအနည်းငယ်ကျယ်သွားသည်။ လမ်းသွားလမ်းလာအချို့က သူတို့နှစ်ယောက်အား ကွက်ကြည့်ကွက်ကြည့်ကြည့်သွားကြ၏။ ဟိုကောင်လေးလက်ထဲမှ သူ့အထုတ်အားဆွဲယူကာ မျက်စောင်းတစ်ချက်ထိုးပစ်လိုက်သည်။
အမြဲတမ်း သူဘာပြောပြော အပြုံးမပျက်သည့် ကောင်လေးက ဒီစကားကြားတော့ အနည်းငယ်ငြိမ်ကျသွားသည်။ သူဆိုတာ ဘယ်သူ့ကိုမှ ဒီလိုကြမ်းကြမ်းတမ်းတမ်းစကားတွေမပြောဖူးပေမယ့် ဒီဆံပင်နီကြောင်ကြောင်နဲ့ကောင်လေးကိုတော အနည်းငယ်ကြည့်မရ။