Chapter (8) Family Dinner ...

3.5K 32 0
                                    


Family Dinner ...

@@@@@@@@

ချိန်းထားသည့် အချိန်ထက် (၁၅)မိနစ်လောက် ကြိုရောက်အောင် သွားလိုက်သည်။ စားသောက်ဆိုင်ရောက်တော့ စားကောင်းမယ် ထင်တဲ့ ဟင်းပွဲ (၁၀)မျိုးလောက် မှာလိုက်သည်။ စားသောက်ဆိုင်ရဲ့ VIP Room တစ်ခုမှာ ကျွန်တော် တစ်ယောက်တည်း စိတ်တွေ လှုပ်ရှားနေသည်။ ဒီနေ့က ယွန်းရဲ့ မိသားစုဝင်တွေနဲ့ ညစာ စားဖို့ ချိန်းထားတယ်လေ။ မကြာခင် ယွန်းတို့ ရောက်လာတော့မယ်။ ယွန်း မိသားစုတွေထဲမှာ လွန်း ကလွဲပြီး ကျန်တဲ့သူတွေကို ကျွန်တော် အပြင်မှာ မမြင်ဖူးသေးဘူး။ အစစ အရာရာ အားလုံး အဆင်ပြေပါစေလို့ မျှော်လင့်ရင်း ယွန်းတို့ အလာကို စောင့်နေလိုက်သည်။

( ........... )

" ကို .. ရောက်နေပြီလား .. ယွန်းတို့ စားသောက်ဆိုင်ရှေ့ ရောက်နေပြီ "

" ရောက်နေပြီ ယွန်း .. အောက်ထပ်မှာ ကို့နာမည်ပြောလိုက်နော်။ သူတို့ လိုက်ပို့ပေးလိမ့်မယ် "

" အိုကေ .. ဒါပဲနော် .. လာပြီ "

ကျွန်တော် အခန်းရှေ့ထွက်ကာ ယွန်းတို့ကို ကြိုဖို့ စောင့်နေလိုက်သည်။ ခဏနေတော့ ယွန်းတို့ မိသားစု ရောက်လာသည်။ ယွန်း နဲ့ လွန်းက ကျွန်တော့်ကိုမြင်တာနဲ့ ပြုံးပြသည်။ ကျန်တဲ့ မိသားစုဝင်တွေကတော့ ခပ်တည်တည် ဖြစ်နေသည်။ ကျွန်တော်က အခန်းတံခါးဖွင့်ပေးပြီး နောက်ဆုံးမှ ဝင်လိုက်သည်။

အားလုံး ကိုယ်စီ ထိုင်လိုက်ကြပြီး ....။

" ကို .. ဒါ ယွန်း မိသားစုပေါ့။ လွန်း ကတော့ ကို နဲ့ ခင်ပြီးသားဆိုတော့ မိတ်မဆက်ပေးတော့ဘူး။
ဒါက လွန်း အထက်က အစ်မ နာမည်က မဇင်ပွင့်ဖြူ တဲ့။ မဇင် လို့ ယွန်းတို့ကခေါ်တယ်။ ပုံစံကတော့ မြင်တဲ့အတိုင်းပဲ .. ဟိ .. "

" ဟုတ် .. တွေ့ရတာ ဝမ်းသာပါတယ် မဇင် "

" အေး .. ဝမ်းသာတယ် ယောက်ဖ "

" ဟဲ့ မိဇင် .. ဘယ်လိုပြောလိုက်တာလဲ .. နင်ကတော့ .. "

အကြီးဆုံးအစ်မ ဖြစ်သူက ဝင်ပြောလိုက်သဖြင့် ဇင်ပွင့်ဖြူ ခေါင်းပု သွားသည်။ အားလုံးက ပြုံးစိစိ နဲ့ ကျွန်တော့်ကိုကြည့်နေသည်။

ဇင်ပွင့်ဖြူ က ကျွန်တော့်ကို လက်ကမ်းကာ နှုတ်ဆက်သဖြင့် ကျွန်တော်လဲ အူကြောင်ကြောင်နဲ့ လက်ချင်းချိတ်ကာ နှုတ်ဆက်လိုက်သည်။ ဆံပင်က မိန်းမပုံစံမဟုတ်ပဲ ယောက်ျားလေး ဘိုကေ ပုံစံနဲ့ဖြစ်သည်။ ဝတ်ထားသည်မှာလဲ မိန်းမ မဆန်ပဲ ယောက်ျားဆန်ဆန်ဖြစ်သည်။ ကျွန်တော် ရိပ်မိလိုက်သည်။ မဟုတ်မှလွဲရော ဇင်ပွင့်ဖြူက ယောက်ျားလျာ ဖြစ်မယ်ထင်တယ်။ Tom Boy ပုံစံ ပေါက်နေသည်။
အသက်က ကျွန်တော့်ထက် (၅)နှစ်လောက် ကြီးပြီး (၃၀)ကျော်လောက်ဖြစ်မည်။ ယွန်းက သူ့မိသားစုအကြောင်း ဘာမှ ကြိုမပြောထားသဖြင့် ကျွန်တော်လဲ ခုမှ သေချာ မြင်ဖူးသည်။ ယွန်း တို့တစ်မိသားစုလုံး အသားဖြူပြီး အကုန် ချောကြသည်။

" ကို .. ဒါက ယွန်းတို့ အစ်မအကြီးဆုံး မမေပွင့်ဖြူ တဲ့ .. မမဖြူလို့ ယွန်းတို့က ခေါ်တယ် "

" ဟုတ် .. မမဖြူ .. တွေ့ရတာ ဝမ်းသာပါတယ်နော် "

" အေး ဝမ်းသာပါတယ်။ မမ ညီမတွေက မြင်တဲ့အတိုင်းပဲ တစ်ယောက်တစ်မျိုးစီ။ နောက်ဆို မင်း ပိုသိလာပါလိမ့်မယ် "

ကျွန်တော် ဘာမှ ပြန်မပြောပဲ ပြုံးပြလိုက်သည်။ မေပွင့်ဖြူက ခပ်တုတ်တုတ် ဖြစ်သည်။ လူကြီးဆန်ပြီး အိန္ဒြေရှိတဲ့ မိန်းမမျိုး။ အနေထိုင် အေးပုံ ရသည်။ အသက်ရွယ်ကတော့ (၄၀)နည်းပါးလောက် ဖြစ်မည်။

" ဟောဒါက .. ယွန်းတို့ရဲ့ မေမေ ဒေါ်ရတနာပွင့်ဖြူ ပေါ့ .. မေမေ .. ဒါ သမီး ချစ်သူ ကိုပြည့်စိုးဟိန်း လေ "

ယွန်းမေမေ ကတော့ အသက်(၆၀)ကျော်လောက်ဖြစ်မည်။ ယွန်းနဲ့ လွန်းက မအေတူတွေဖြစ်ပြီး မဇင် နဲ့ မမဖြူက ဖအေတူ ဖြစ်သည်။ ယွန်းဖေဖေ မျက်နှာကိုတော့ ယွန်း ဖုန်းထဲကနေ ဓါတ်ပုံပြလို့ မြင်ဖူးခဲ့သည်။ ခန့်ချောကြီးပေါ့။

" သမီး ပြောပြထားလို့ သား အကြောင်းတွေ သိပြီးပါပြီ။ အန်တီ အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး။ သားက မိကောင်းဖခင် သားတစ်ယောက်ပဲ။ အမှန်တိုင်းပြောရရင် အန်တီ့ သမီးတွေ ဘယ်သူမှ အိမ်ထောင် မပြုတော့ဘူးထင်နေတာ။ အခုတော့ ယွန်းလေးက သူ့မှာ ချစ်သူရှိတယ် .. လက်ထက်ဖို့အထိ ရည်ရွယ်ထားတယ်လို့ ပြောလာတယ်။ အစကတော့ သမီးလေးကို နှမြောတဲ့ စိတ် ဖြစ်မိတယ်။ ဒါပေမယ့်လဲ အန်တီတို့ ..
မိသားစုမှာ အားကိုးရမယ့် ယောက်ျားသားက မရှိဘူးလေ။ ယွန်း ဖေဖေက ယွန်းတို့အမြွှာညီအစ်မ မွေးပြီး မကြာခင်မှာ ဆုံးသွားရှာတယ်။ ဒီတော့ အန်တီတို့မှာ မိန်းမသားတွေချည်း ကျန်ခဲ့တာပေါ့။ အန်တီ့မှာက ရောဂါတွေလဲ ရှိတော့ သမီးတွေကို စိတ်မချဖြစ်နေရတယ်။ အခုတော့ အန်တီတို့ မိသားစုထဲ သား ရောက်လာတော့မယ်ဆိုတော့ အန်တီ ကြိုဆိုပါတယ်။ နောက်ဆို သားကိုပဲ အားကိုးရတော့မယ် "

" စိတ်ချပါ အန်တီ .. ယွန်းမိသားစုက ကျွန်တော့်ရဲ့ မိသားစုပါပဲ။ အန်တီကလဲ ကျွန်တော့်ရဲ့ အမေ ပါပဲ။ ကျွန်တော့် မိဘများကလဲ အန်တီတို့နဲ့ တွေ့ချင်နေတယ်။ တစ်ရက်တော့ နှစ်ဖက် မိဘတွေ စုံစုံလင်လင် တွေ့ရဖို့ ကျွန်တော် စီစဉ်ပါဦးမယ် "

" ကောင်းပါတယ်ကွယ်။ အန်တီ့ သမီးလေး အခုလို မောင်ပြည့်စိုးဟိန်းလို လူကောင်းတစ်ယောက်နဲ့ တွေ့ရလို့ ဝမ်းသာပါတယ်။ သားကို အခုမှ မြင်ဖူးပေမယ့် သားအကြောင်းတွေ သမီးယွန်းနဲ့ အမြဲပြောဖြစ်တာမို့ အန်တီ့ဘက်က သဘောကျနေပြီးသားပါ။ သားကို ယွန်းလေးနဲ့ သဘောတူပါတယ်။ မင်္ဂလာဆောင် ကိစ္စကတော့ သားတို့ပဲ တိုင်ပင်ပြီး လုပ်ကြပေါ့။ အန်တီကတော့ အသက်လဲ ကြီးပြီဆိုတော့ အေးဆေးပဲ နေချင်တယ်။ နောက်ဆို အန်တီ့ သမီးတွေကို စောင့်ရှောက်ပေးပါနော်။ သားလက်ထဲ အန်တီ အပ်ပါတယ် "

" ဟုတ်ကဲ့ပါ အန်တီ .. ကျွန်တော် သားမက်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါ့မယ်။ အန်တီ့ကိုလဲ မြင်မြင်ချင်း အမေတစ်ယောက်လို ချစ်ခင်မိပါတယ်။ ဒီက အစ်မတွေလဲ ကျွန်တော့် အစ်မတွေလို ခင်မိပါတယ်။ အားလုံးလဲ ကျွန်တော့်ကို အမြင်မတော်တာရှိရင် ဆုံးမနိုင်ပါတယ် "

" ယွန်းလေး .. ကိုပြည့်က နင် ပြောတာထက် ပိုပြီး လိမ္မာပါလား။ မမဖြူတော့ သဘောကျသွားပြီ "

" ဟဲ .. ပြောပါတယ် .. ယွန်းချစ်သူက အရမ်း ယဉ်ကျေးပြီး လိမ္မာပါတယ်လို့ .. အခုတော့ ယုံသွားပြီမလား "

အားလုံး ရယ်လိုက်ကြသည်။ မှာထားတဲ့ အစားသောက်များ လာချပေးနေပြီမို့ စကားပြော ခဏ ရပ်လိုက်ကြသည်။ မဇင်တစ်ယောက် ကျွန်တော် မှာထားတဲ့ ဟင်းပွဲတွေကို ကြည့်ရင်း ....။

" ကိုပြည့် .. မင်း မှာထားတာ ဒါ အကုန်ပဲလား "

" ဟုတ် .. ဘာမှာချင်သေးလို့လဲ .. မဇင် "

" မင်း မှာထားတဲ့ ဟင်းပွဲတွေက ဘီယာလေးနဲ့မှ လိုက်တာ။ မင်း သောက်တတ်တယ်မလား "

" ဗျာ .. ဟုတ် .. သောက်တတ်ပါတယ်။ အရက်တော့ မသောက်ဘူး ဘီယာလောက်ပဲ သောက်ပါတယ်။ "

" သောက်တတ်ရင် နည်းနည်းကစ်ရအောင် .. ဘီယာ မှာလိုက်ကွာ "

ကျွန်တော် အူကြောင်ကြောင် ဖြစ်သွားကာ ယွန်းကို လှမ်းကြည့်လိုက်သည်။ ယွန်းကတော့ ကျွန်တော့်ကို ကြည့်ပြီး သဘောကျနေသည်။

" မိဇင် .. ဘယ်လိုဖြစ်နေတာလဲ။ နင် အမေ့မျက်နှာကို အိုးမဲ သုတ်နေတာလား။
ဒါ အိမ်မှာ အပျော် စားနေတာ မဟုတ်ဘူးနော်။ နည်းနည်းလဲ သတိထားဦး "

" ဟာ မမဖြူကလဲ .. ကိုပြည့်က မကြာခင် ကျွန်တော်တို့ မိသားစုဝင်ဖြစ်တော့မှာပဲ ဘာရှက်စရာလိုလဲ။
အားလုံး ပျော်ပျော်ပါးပါးပေါ့ဗျာ .. ဟဲ့ ယွန်း .. ကူပြောပေးဦး "

" အောင်မာ သူသောက်ချင်တာနဲ့ လူကို စစ်ကူတောင်းနေတယ်။
ဟိ .. မသောက်ဖြစ်တာတောင် ကြာနေပြီနော် .. မှာလိုက် .. မှာလိုက် "

" အဲ့ဒါသာ ကြည့် .. သားရေ .. သမီးလတ် မိဇင် ကို အန်တီလဲ မနိုင်ဘူး။ သူက ကျားကျားလျားလျားဆိုတော့ တစ်ခုခုဆို အိမ်မှာ သူ့ပဲ အားကိုးနေရတာ။ ယောက်ျားလေးအဖြစ် မွေးလာရင် အကောင်းသား။ အခုတော့ ဟိုမရောက် ဒီမရောက်နဲ့ "

" အမေကတော့ လုပ်ပြီ။ ယောက်ျားလေးလိုပဲ မြင်ပါဆိုနေ .. ဘယ်လိုမှ ပြောမရဘူး။
ကိုပြည့် ဘီယာ မှာလိုက်တော့ ဟင်းပွဲတွေ အေးကုန်တော့မယ်။ ငါတို့ ပျော်ပျော်ပါးပါး သောက်ကြ စားကြတာပေါ့ "

" ကိုရေ .. မှာပေးလိုက်။ ယွန်းတို့က အိမ်မှာဆို တစ်ခါတစ်လေ ဘီယာကို အပျော် သောက်နေကြ။ မေမေကလွဲပြီး ကျန်တဲ့သူ အကုန်သောက်တတ်တယ်။ အိမ်မှာက ဒီလိုပဲ ညီအစ်မတွေ ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ကြတာ။ ယွန်းတို့ မိသားစုက ပွင့်လင်းတယ်။ ကို နေရခက်နေပြီလား .. "

" မခက်ပါဘူး ယွန်းရယ် .. ပိုပြီးတောင် လွတ်လပ်သလို ခံစားရတယ်။ အိုကေ .. မဇင် ခဏစောင့် ကျွန်တော် မှာလိုက်မယ် "

ကျွန်တော် လူခေါ် ဘဲလ်ကို တီးလိုက်သည်။ ဝိတ်တာတစ်ယောက် အခန်းထဲ ဝင်လာသည်။

" ညီလေး အစ်ကိုတို့ကို Tiger (၃)လုံးလောက် .. မြန်မြန်လေးနော် "

" ဟဲ့ .. လွန်း .. ငြိမ်လှချည်လား .. "

" နင်တို့ပြောနေတာ နားထောင်နေတာလေ။ ငါက ဘာဝင်ပြောရမှာလဲ .. ငါနဲ့ ကိုပြည့်က သိနေပြီးသားပဲဟာ "

" အန်တီ .. ကျွန်တော်တို့ နည်းနည်း သောက်မယ်နော်။ အန်တီရှေ့မှာဆိုတော့ အားနာမိတယ် "

" အားမနာနဲ့ သား .. မူးအောင်တော့ မသောက်ကြနဲ့။ အိမ်မှာဆို အန်တီ့ ကွယ်ရာမှာ ဒီညီအစ်မတွေ ခဏတိုင်း သောက်နေတာ ပြောလို့လဲ မရဘူး။ သူတို့ ပျော်ပါစေဆိုပြီး လွှတ်ပေးထားရတယ်။ ကြာတော့ အန်တီ့အတွက် ရိုးနေပါပြီ။ အန်တီက သားကိုပဲ အားနာနေတာ။ အန်တီတို့ မိသားစုကို သားစိတ်ထဲ တစ်မျိုး မြင်နေမှာစိုးလို့ "

" အာ .. မမြင်ပါဘူး အန်တီရယ် .. ခုခေတ်မှာ ဘီယာ သောက်တာ မဆန်းပါဘူး။ သောက်တတ်တော့ ပေါင်းသင်းဆက်ဆံရေးမှာလဲ အသုံးဝင်တာပေါ့။ ကျွန်တော်က အရက်မကြိုက်ပါဘူး။ သောက်လဲ မသောက်ဘူး။ တစ်ခါတစ်လေ အပျင်းပြေ ဘီယာလောက်ပဲ သောက်တတ်ပါတယ်။ "

" ကဲ .. မိသားစုတွေ ပျော်ပျော်ပါးပါး စားကြ သောက်ကြတာပေါ့။ အန်တီ့ကိုတော့ ရေနွှေး ပူပူလေးပဲ လုပ်ပေး .. "

ဝိတ်တာမှ ဘီယာ များ လာချပေးသည်။ ဝိတ်တာ ကမ်းပေးသော ဘီယာခွက်များကို ယွန်းတို့ ညီအစ်မတွေဆီ တစ်ခွက်ချင်း ချပေးလိုက်သည်။ မဇင်ကတော့ ဘီယာခွက် လက်ထဲ ရောက်တာနဲ့ တစ်ငုံ မော့လိုက်သည်။

" မဇင် .. ချီးယားစ် လုပ်ဦးမယ်လေ .. ဇွတ်တော့ .. "

" ဟုတ်သားပဲ .. ကဲ .. မကြာခင် တော်ရတော့မယ် ယောက်ဖလေးအတွက် .. ချီးယားစ် .. "

အားလုံး ခွက်ကိုယ်စီ တိုက်လိုက်ပြီး ချီးယားစ်လုပ်ကာ သောက်လိုက်ကြသည်။ မမဖြူကတော့ နည်းနည်း ရှက်နေပုံပဲ။ ဘီယာကို နည်းနည်ပဲ သောက်ပြီး ပြန်ချထားသည်။ ယွန်း နဲ့ လွန်းကတော့ အပြိုင် မော့နေသည်။ ကျွန်တော်လဲ နည်းနည်းမော့ကာ အစားသောက်များကို ပန်းကန်ထဲသို့ လိုက်ထည့်ပေးလိုက်သည်။ ကျွန်တော့် အပြုမူကို ကြည့်ပြီး အားလုံးက သဘောကျနေကြသည်။ ကျွန်တော်လဲ စိတ်ထဲမှာ မွန်းကြပ်မနေပဲ လွတ်လပ်ပေါ့ပါးသလို ခံစားလိုက်ရသည်။

ယွန်းတို့ မိသားစုနဲ့ တွေ့ဆုံပွဲလေးက ကျွန်တော် ထင်ထားတာထက် အများကြီး အဆင်ပြေခဲ့သည်။ အထူးသဖြင့် မဇင် ကြောင့် တစ်ဝိုင်းလုံး တဟားဟားနဲ့ ပျော်ခဲ့ရသည်။ ယွန်းတို့ညီအစ်မတွေက ပျော်ပျော်နေတတ်ပြီး ဟန်ဆောင်မှု ကင်းကြသည်။ ကျွန်တော့်ကိုလဲ မိသားစုဝင်တစ်ယောက်လို ဆက်ဆံသည်။
ဒီလို ချစ်စရာကောင်းတဲ့မိသားစုထဲ ကျွန်တော် ရောက်တော့မှာမို့ စိတ်ထဲမှာ အတိုင်းမသိ ပျော်ရွှင်နေမိသည်။ ဒီလိုနဲ့ အားလုံး စားသောက်အပြီး ..။

" ကိုပြည့် .. အားတဲ့အခါ မမဖြူတို့အိမ် လာလည်လေ "

" ဟုတ် .. လာလည်မှာပေါ့။ နောက်မှ ခဏခဏ လာလို့ မမဖြူ ကျွန်တော့်ကို အမြင်ကပ်နေဦးမယ် "

" အယ် .. မကပ်ပါဘူးတော် .. မကြာခင် ကိုယ့်မောင်လေး ဖြစ်တော့မှာပဲ။
ကဲ .. အားလုံးလဲ စားပြီးကြပြီဆိုတော့ ယွန်းရေ မမ တို့ ပြန်ကြတော့မလား "

" ဟုတ် .. ပြန်မယ်လေ။ ကို .. ယွန်းတို့ ပြန်တော့မယ်လေ။ နောက်မှ တွေ့တာပေါ့ "

" ကောင်းပြီ ယွန်း .. ကဲ .. အားလုံးပဲ အခုလို ပျော်ပျော်ရွှင်ရွှင်နဲ့ ဆုံဆည်းခွင့်ရလို့ ကျွန်တော် အရမ်းဝမ်းသာပါတယ်ခင်ဗျ "

" အန်တီတို့ကလဲ ဝမ်းသာပါတယ် သားရယ်။ နောက်ဆို အိမ်ကို မကြာ မကြာ လာလည်ပေါ့။ ကဲ အန်တီတို့ ပြန်တော့မယ် "

ကျွန်တော် ယွန်းတို့ မိသားစုကို ကားပေါ်ရောက်တဲ့အထိ လိုက်ပို့ပေးလိုက်သည်။ အားလုံး အဆင်ပြေပြေနဲ့ ပြီးသွားလို့ ကျွန်တော် ကျေနပ်နေသည်။ ချစ်ဖို့ကောင်းတဲ့ ယွန်းတို့ မိသားစုအကြောင်းကို အိမ်ပြန်ရောက်တော့ ကျွန်တော့် မိဘတွေကို ပြန်ပြောပြသည်။ အဖေ နဲ့ အမေက သဘောတွေကျနေပြီး မင်္ဂလာပွဲကို ယွန်း စိတ်တိုင်းကျ လုပ်ပေးရန် ပြောသည်။

မင်္ဂလာပွဲ နဲ့ ပက်သက်ပြီး ကျွန်တော်နဲ့ ယွန်း ဘာမှ သေချာ မတိုင်ပင်ရသေးပါ။ ရည်းစားဘဝနဲ့နေရတာ အားမရသေးဘူးမို့ လက်ထပ်မယ့် ကိစ္စကို သေချာမပြောဖြစ်သေး။ ရည်းစားဘဝဆိုတာ လက်ထပ်ပြီးသွားရင် ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးလေ။ ယွန်းကလဲ ရသလောက် လွတ်လွတ်လပ်လပ် နေချင်သေးသည်။ ကျွန်တော်ကလဲ စီးပွားရေးမှာ အချိန်ပေးချင်သေးတာမို့ ရည်းစားဘဝကို တစ်နှစ်လောက် နှစ်ဦးသဘောတူ သက်တမ်းတိုးထားကြသည်။ ဒါပေမယ့် တစ်ချိန်မှာ အိမ်ထောင်ကျတော့မယ့် မိမိ အဖြစ်ကို တွေးမိရင်း ကျွန်တော် စိတ်လှုပ်ရှားမိသည်။

( ............ )

" ဟိတ် .. အိမ် ပြန်ရောက်ပြီလား .. "

" အင်း .. ပြန်ရောက်နေပြီ "

" ဘယ်လိုလဲ ယွန်း အစ်မတွေက ချစ်ဖို့ကောင်းရဲ့လား .. "

" အားကြီး ချစ်ဖို့ ကောင်း။ ကို အရမ်း ပျော်တာပဲ ယွန်းရယ်။ တကယ်ပြောတာ ..
အားလုံးက ကို့ကို လက်ခံတဲ့အတွက် အခု ပျော်နေရတယ် "

" ယွန်းလဲ အရမ်းပျော်တယ်။ အခု အိမ်မှာ ကို့အကြောင်း အတင်းတုတ်နေကြတာ။ ဟိ .. အစ်မတွေက ကို့ကို အရမ်းသဘောကျနေတယ်။ မေမေကလဲ အမှတ်ပြည့်ပေးတယ်။ ကိုပြည့်စိုးဟိန်း .. ရှင် သိပ်ကံကောင်းတယ် သိလား။ နောက်ဆို ဒီထက်ပို ကံကောင်းဦးမှာ .. "

" အင်းပါကွာ .. "

" ဘာ .. အင်းပါလဲ .. သူများ ညီမလေးကို ပျော်အောင်ထားနော်။ မဟုတ်ရင် လွန်းနဲ့ တွေ့သွားမယ်။
သိတယ်မလား လွန်းရတနာ အကြောင်းကို။ ကြားလား .. မကြားလဲနေ .. ဒါပဲ .. ဟိ "

" အာ .. လွန်းလေ .. ဖုန်းကို ဇွတ်လုပြီး ပြောသွားတယ်။ အရမ်းဆိုးတယ် အဲ့ကောင်မ .. "

" ကဲ .. ကို့အကြောင်း ဆက်ပြီး အတင်းတုတ်လိုက်ဦး။ ဒီညတော့ စိတ်ချမ်းသာလို့
စောစော အိပ်မယ်ကွာ။ တာ့တာနော် .. Good Night ငါ့ချစ်သူလေး "

" ဟုတ် .. Good Night ပါ .. အရမ်းချစ်တယ် "

" Same to you ပါ .. ဒါပဲနော် .. "

....................။

ရင်ဝှက်ကဗျာ ( Yin Wat Kabyar )حيث تعيش القصص. اكتشف الآن