PART 4(Z+U)

2.6K 207 3
                                    

Zawgyi

"လာရှုပ်မှာကိုမကြိုက်သည့် ဒေါသအိုးလေး"

ဤနေ့ကား တနင်္ဂနွေနေ့မို့ အလုပ်ပိတ်ပေမယ့် မင်းအဏ္ဏဝါက သူ၏လျို့ဝှက်စုံစမ်းပေးသူ "Code"နှင့် ပြောစရာကိစ္စရှိ၍ မနက်အစောကတည်းက သွားတွေ့ခဲ့လေသည်။

အပြန်နေ့လည်တွင်တော့ ဒေါ်နှင်းမမက မုန့်လုပ်ပစ္စည်းတချို့ဝယ်လာဖို့ဖုန်းဆက်ပြောလာတာကြောင့် သူက Junction Cityဆီဝင်လာခဲ့၏။
ဒေါ်နှင်းမမက အခုတလောအိမ်မှာနေရင်း ချောကလက်ကိတ်၊ ကွတ်ကီးမုန့်တွေအစမ်းလုပ်နေသည်။ မြှောက်ပေးသည့်ယောက်ျားဖြစ်သူကလည်း မိန်းမအလိုကျ။ ဒီတော့ အပြင်ရောက်နေသည့်သားတော်မောင်က ဈေးပတ်ရတော့သည်ပေါ့။

စင်တာထဲ ဝင်ပြီးတွန်းလှည်းတစ်ခုနှင့် သူ့မှာဂျုံတွေ၊ မုန့်တွေရှိရာဘက်ဆီ ပတ်ရတော့၏။
အမေဖြစ်သူပို့လာသည့် ပစ္စည်းစာရင်းအတန်းလိုက်ကြီးကိုကြည့်လိုက် စင်ပေါ်ကိုရှာရလိုက်နှင့် မင်းအဏ္ဏဝါမှာ တကယ် ခေါင်းတွေပင်မူးချင်နေလေပြီ။

သို့ပေမယ့် စတိုင်ပန့်အနက်၊ ဘလောက်စ်အနီအရင့်နဲ့စတိုင်ကျနေသည့်အပြင် လည်ပင်းတွင်စတီးဆွဲကြိုးတစ်ကုံးကို လျော့တိလျော့ရဲဝတ်ထားသည့် မင်းအဏ္ဏဝါမှာ အမျိုးသမီးတချို့၏ အကြည့်တွေကို ဖမ်းစားထားချေသည်။

ထောင်ထောင်မောင်းမောင်းအရပ်နှင့် လူငယ်ဆန်နေမှုတို့ပေါင်းစပ်နေပြီး ဖုန်းထဲကြည့်လိုက် ပစ္စည်းရှာလိုက်လုပ်နေသည်က စိတ်ကူးထဲက အိမ်ထောင်ရှင်ယောက်ျားလေးတစ်ယောက်အလား ငေးချင်စဖွယ်ကောင်းနေသည်လေ။

"ကိုကိုအဏ္ဏဝါ... ကိုကို"

မင်းအဏ္ဏဝါမှာ သူ့အာရုံနှင့်သူ ပစ္စည်းရွေးရာတွင် အလုပ်ရှုပ်နေသည်ကို ခပ်လှမ်းလှမ်းမှ သူ့နာမည်ကိုလှမ်းအော်ခေါ်ပြီး ပြေးလာသည့် မိန်းကလေးကြောင့် အလန့်တကြား လှည့်ကြည့်လိုက်မိလေသည်။

မိန်းကလေးက လိမ်ကောက်နေသည့် ရွှေဝါရောင်ဆံပင်ကိုနှစ်ဖက်ခွဲပြီး မြင့်မြင့်စည်းထားကာ စကပ်ပေါင်တို၊ သိုးမွှေးလက်ရှည်ပန်းရောင်နှင့် ကျောပိုးလွယ်အိတ်ကိုလည်း လွယ်ထား၏။

"My Only One" ✔️Donde viven las historias. Descúbrelo ahora