Ep - 04

93 19 6
                                    

Episode 4 : : Attraction.

.........................

" ကျွန်တော့်မှာ ပုန်းစရာ မရှိဘူး အစ်ကို....။ လူတွေရဲ့မျက်လုံးတွေကို ကျွန်တော် ကြောက်တယ်...။ ကျွန်တော်လည်း သာမန်လူတစ်ယောက်လို နေချင်တာပေါ့...။ ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်တယ်​....။ ကျွန်တော် အိပ်ဆေးတွေ သောက်မနေချင်ဘူး...။ "

သန့်စင်ခန်းထဲ လှမ်းဝင်ဖို့ ပြင်ဆင်နေသည့် ဖိနပ်အစုံတိုင်းဟာ သန့်စင်ခန်းအတွင်းမှ ပဲ့တင်ထပ်လာသော အက်ကွဲကွဲအသံကြောင့် နေရာမှာတင် ရပ်သွားကြသည်။
တစ်ယောက်ကိုတစ်ယောက် ကြောင်အအ ငေးပြီး တစ်ယောက်ကိုတစ်ယောက် မျက်စလည်း ပစ်ပြမိပြန်၏။ အထဲကို ဆက်ဝင်သွားသင့်သလား တခြားအထပ်က သန့်စင်ခန်းကိုပဲ ရွှေ့ပြောင်းသင့်သလားဆိုတာ အဲဒီတစ်ခဏမှာ မဝေခွဲနိုင်။

" ရန်ဖြစ်နေတာလား မသိဘူး။ ငိုသံနဲ့လည်း တူတယ်။ "

တိုးတာထက် ပိုတိုးသည့် အသံဖြင့် သူငယ်ချင်း နံပါတ် ၁ ဟာ သူငယ်ချင်း နံပါတ် ၂ ကို လှမ်းပြောတော့၊ သူငယ်ချင်း နံပါတ် ၂ က နံရံကို အကာအကွယ်ယူပြီး သန့်စင်ခန်းအတွင်းထဲ မသိမသာ ချောင်းကြည့်သည်။

" ထိုးကြိတ်ပြီး ရန်ဖြစ်နေတာနဲ့တော့ မတူဘူးကွ။ ဖက်မလို လုပ်နေတယ်။ ညီအစ်ကိုတွေများလား။ "

" ငါ ဒုတိယထပ်ပဲ သွားတော့မယ်။ "

စိတ်ရှုပ်စရာအခြေအနေတွေကို ကြာကြာ သည်းမခံနိုင်သော သူငယ်ချင်း နံပါတ် ၃ သည် လေးပင်စွာ ငြီးတွားရင်း နေရာကနေ တစ်ခဏချင်း ပျောက်ကွယ်သွားသည်​။ သူငယ်ချင်း နံပါတ် ၃ နောက်ကနေ သူငယ်ချင်း နံပါတ် ၄ နှင့် ၅ တို့လည်း အတူတကွ တန်းတန်းမတ်မတ် ပါသွားကြ၏။

" ငါတို့လည်း ဒုတိယထပ်ပဲ သွားမလား။ "

သူငယ်ချင်း နံပါတ် ၂ က နံရံကို မှီထားရင်းတန်းလန်း အဖော်စပ်သည်။ Rum တွေ တော်တော်များများ ဝင်ထားကြတဲ့ အခြေအနေမို့လို့ အကုန်လုံးက မတ်တပ်ကောင်းကောင်းမရပ်နိုင်အောင် ရွဲနေကြပြီ။ အမေ့အပွမ် မခံနိုင်ဘူးဆိုသည့် ဆင်ခြေနှင့် ဒီကအပြန် တစ်ယောက်တည်း ကားမောင်းသွားရမည်ဆိုသည့် ဆင်ခြေကို လိုသလို ရောသမမွှေရင်း ဖြီးဖြန်းထားသည်မို့ ဒီခြောက်ယောက်ထဲ မမူးဆုံးလူကတော့ ကျွန်တော်ပဲ ဖြစ်သည်။
သူငယ်ချင်းနံပါတ် ၁ ဟာ ဒုတိယထပ်ကို လိုက်တက်သွားဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီး အနားကနေ ဝေးကွာသွားချိန်မှာ ဘာရယ်မဟုတ် ကျွန်တော့်မျက်လုံးတွေက သန့်စင်ခန်းထဲရှိ ဘေးတစ်စောင်းပုံရိပ်နှင့် နစ်နစ်နဲနဲ ကပ်ငြိသွားသည်။

Less Ice, More Sugar - Side Story (Completed)Tempat cerita menjadi hidup. Temukan sekarang